အာဆင်နယ်ကို အနိုင်ရတာဟာ မန်စီးတီးအတွက် မျှော်လင့်ချက် တစ်ခုပဲ ဖြစ်စေတယ်လို့ ပက်ဂွါဒီယိုလာ ပြောကြား
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ အဆုံးအဖြတ်ပွဲစဉ်မှာ ပက်ဂွါဒီယိုလာဟာ နယ်စပ်စည်းအပြင်ကနေ ဘောလုံးကို ခေါင်းတိုက်သလို၊ ကန်သလိုနဲ့ ကိုယ်တိုင်ပါဝင်ဆော့ကစားနေသလိုမျိုး အစွမ်းကုန်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအပြီးမှာတော့ စီးတီးမန်နေဂျာက အဲဒီညရဲ့ရလဒ်ကို စကားလုံးတစ်လုံးတည်းနဲ့ပဲ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်၊ အဲဒါကတော့ ‘မျှော်လင့်ချက်’ ဆိုတဲ့ စကားလုံးပါပဲ။
ဒုတိယပိုင်းမှာ အားထားရတဲ့ တိုက်စစ်မှူး ဟာလန်းရဲ့ အနိုင်ဂိုးကြောင့် စီးတီးဟာ အမှတ်ပေးဇယားထိပ်က အကွာအဝေးကို ၃ မှတ်အထိ လျှော့ချနိုင်ခဲ့သလို လက်ကျန်တစ်ပွဲလည်း ကစားဖို့ ကျန်ရှိနေပါသေးတယ်။
တစ်ညလုံး အားပါတရ လှုပ်ရှားခဲ့တဲ့ ဂွါဒီယိုလာက ဒီပွဲကို သူပျော်ရဲ့လားလို့ အမေးခံရတဲ့အခါ လှောင်ရယ်လိုက်ပြီး "ပျော်တယ်ဆိုတဲ့ စကားလုံးကတော့ မမှန်လောက်ဘူးထင်တယ်၊ ဒီပွဲက ကျွန်တော်တို့ကို မျှော်လင့်ချက်ပေးခဲ့တယ်၊ ဒါပါပဲ" လို့ စပိန်လူမျိုးနည်းပြက ပြောပါတယ်။
"ပွဲအပြီးမှာ ကစားသမားတွေကို ပြောခဲ့ပါတယ်။ ဒီအခိုက်အတန့်ကို ပျော်ပျော်ပါးပါး ဖြတ်သန်းပါ၊ ဒါပေမဲ့ အာရုံမလွင့်ကြပါနဲ့ဦးလို့။ ကျွန်တော်တို့ အခြေအနေကောင်းပေမဲ့ တကယ့်လက်ရှိဇယားထိပ်မှာ ဘယ်သူရှိနေလဲ? ကျွန်တော်တို့ မဟုတ်ပါဘူး" လို့ ဂွါဒီယိုလာက ထပ်ပြောပါတယ်။ "အမှတ်တူသွားရင် ဂိုးကွာခြားချက်ကရော ဘယ်သူက ပိုသာလဲ? သူတို့ (အာဆင်နယ်) က သာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဆက်ပြီး တိုက်ပွဲဝင်ဖို့၊ အသက်ဆက်ဖို့ မျှော်လင့်ချက် ရသွားတာပေါ့"
ဂွါဒီယိုလာဟာ အာဆင်နယ်ပရိသတ်တွေကို အသည်းကွဲအောင် လုပ်လေ့ရှိသူပါ။ နွေဦးရာသီရောက်ရင် သူ့ရဲ့မန်စီးတီးအသင်းက အာဆင်နယ်နောက်ကို တကောက်ကောက်လိုက်ပြီး ရာသီကုန်ခါနီးမှာတော့ အရှိန်မြှင့်ကာ အမှတ်ပေးဖလားပြိုင်ပွဲကို စီးတီးရဲ့ အပြာရောင်အောင်ပွဲတွေအဖြစ် ပြောင်းလဲပစ်လေ့ရှိပါတယ်။
တနင်္ဂနွေနေ့က ပြင်းထန်တဲ့ ပွဲစဉ်ဟာ အမှတ်ပေးဖလားပြိုင်ပွဲနဲ့ ထိုက်တန်တဲ့ပွဲလို့ သူက ဖော်ပြခဲ့သလို အာဆင်နယ်ရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေကိုလည်း ချီးကျူးခဲ့ပါတယ်။ "လူတွေက သူတို့ (အာဆင်နယ်) အရှိန်ကျနေပြီလို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့ ကစားပုံ၊ ဘောလုံးလုပုံ၊ ဘောလုံးအရှည်တွေ၊ ဒုတိယဘောလုံးတွေနဲ့ တည်ကန်ဘောတွေမှာ ယှဉ်ပြိုင်ပုံကို ကြည့်ရင် သူတို့ဟာ ထူးခြားတဲ့အသင်းတစ်သင်းဆိုတာ သိနိုင်ပါတယ်။ ဒါမျိုးသာ မဟုတ်ရင် တစ်ရာသီလုံး ဇယားထိပ်မှာ ရှိနေမှာမဟုတ်ဘူး" လို့ သူက ဆိုပါတယ်။
စီးတီးနည်းပြက ဒီရင်ဆိုင်မှုကို "ကမ္ဘာတစ်ဝှမ်းနဲ့ အင်္ဂလန်အတွက် အကောင်းဆုံး ကြော်ငြာတစ်ခု" လို့လည်း တင်စားခဲ့ပါတယ်။ ပွဲရဲ့အလယ်ဗဟိုမှာတော့ နှစ်လအတွင်း ပထမဆုံး အမှတ်ပေးဂိုး ပြန်သွင်းနိုင်ခဲ့တဲ့ ဟာလန်းဟာ အာဆင်နယ်နောက်ခံလူတွေဖြစ်တဲ့ ဆာလီဘာ၊ ဂါဘရီရယ်တို့နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဂါဘရီရယ်နဲ့ လုံးထွေးသတ်ပုတ်ရင်း ဟာလန်းရဲ့ အင်္ကျီဟာ ဆိုးဆိုးရွားရွား ပြဲထွက်သွားခဲ့လို့ သူ့ရဲ့အင်္ကျီကို ပရိသတ်တွေဆီ ပစ်ပေးခဲ့ပါတယ်။
"ကျွန်တော်သာ ဟာလန်းနေရာမှာဆိုရင် ဆာလီဘာ၊ ဂါဘရီရယ်တို့နဲ့ မတိုက်ခိုက်ချင်ဘူး။ အမှန်အတိုင်းပြောရရင် အိမ်မှာ စာအုပ်ပဲ အေးအေးဆေးဆေး ဖတ်နေလိုက်မယ်" လို့ ဂွါဒီယိုလာက ပြုံးလျက် ပြောပါတယ်။
ဟာလန်းကတော့ အဲဒီလို ပြင်းထန်တဲ့ အခြေအနေတွေကို သဘောကျနေပုံရပါတယ်။ "အမြဲတမ်း ဒီလိုပါပဲ၊ တိုက်ပွဲဝင်မှုတွေ အများကြီး ရှိပါတယ်။ ကျွန်တော် နိုင်သလား၊ ရှုံးသလားဆိုတာကိုတော့ တခြားသူတွေပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တယ်၊ ဒါကြောင့် အဲဒီအချိန်မှာတော့ ကျွန်တော် နိုင်ခဲ့တာပေါ့။ ဒါဟာ အဆုံးအဖြတ်ဖြစ်သွားပြီး ကျွန်တော်တို့ နိုင်ခဲ့တယ်" လို့ အသက် ၂၅ နှစ်အရွယ် နော်ဝေးတိုက်စစ်မှူးက ပြောပါတယ်။
ရာသီအလယ်မှာ ဂိုးပေါက်ပျောက်နေခဲ့တာဟာ ပွဲစဉ်တွေ ဆက်တိုက်ကစားခဲ့ရတဲ့ ပင်ပန်းမှုဒဏ်ကြောင့်လို့ စီးတီးနည်းပြက ကာကွယ်ပြောဆိုခဲ့ပါတယ်။ "ဒီလောက် ကိုယ်လုံးကိုယ်ထည် ကြီးမားတဲ့သူတစ်ယောက်က နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ လတွေမှာ ၃ ရက်တစ်ပွဲနှုန်းနဲ့ ဆက်တိုက်ကစားရတာဟာ သူ့ခန္ဓာကိုယ်အတွက် မလွယ်ကူပါဘူး" လို့ သူက ဆိုပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက စီးတီးမှာ ၉ နှစ်ကြာဖြတ်သန်းပြီး ရာသီကုန်မှာ အသင်းက ထွက်ခွာတော့မယ့် ခေါင်းဆောင် ဘာနာဒို ဆေးလ်ဗားကို ဂုဏ်ပြုခဲ့ပါတယ်။ "ဒီအကြောင်း အများကြီးပြောရင် ကျွန်တော် ငိုမိလိမ့်မယ်။ ဒါကြောင့် နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ 'ဂန္ထဝင်' (LEGEND) လို့ ရေးမယ်ဆိုရင် စာလုံးကြီးတွေနဲ့ပဲ ရေးရပါလိမ့်မယ်။ သူဟာ တကယ်ကို ထူးခြားတဲ့ ကစားသမားပါ" လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အဆင့် ၁၉ နေရာက ဘန်လေအသင်းကို အနိုင်ရရှိခဲ့ရင် အာဆင်နယ်နဲ့ အမှတ်တူဖြစ်လာပြီး ဇယားထိပ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။