ဗန်ဒိုက်ရဲ့နောက်ကျဂိုးနဲ့ မာဆေးဆိုက်ဒါဘီမှာ အနိုင်ရခဲ့တဲ့ လီဗာပူး
အဲဗာတန် ၁ - ၂ လီဗာပူး (ပွဲပြီးရလဒ်)
လီဗာပူးအသင်းဟာ မာဆေးဆိုက်ဒါဘီမှာ ဗန်ဒိုက်ရဲ့နောက်ကျသွင်းဂိုးနဲ့အနိုင်ရကာ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ ချဲလ်ဆီးကို အမှတ်ဖြတ်နိုင်ခဲ့ပါတယ်။
ကစားပုံအရ အားရစရာမရှိခဲ့ပေမဲ့ ပထမပိုင်းအတွင်း ဆာလက်ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကစားအားကျသွားခဲ့တာကြောင့် အဲဗာတန်ကို ချေပဂိုးခွင့်ပြုပေးခဲ့ရသလို ဂိုးသမား မာမာဒါရှဗလီလည်း ဒဏ်ရာရသွားလို့ ထိုးနှက်ချက်ကြီးမားခဲ့ပါတယ်။
သရေနဲ့ပွဲပြီးပြီလို့ထင်မှတ်ခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှာ အသင်းခေါင်းဆောင်ဗန်ဒိုက်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းကာ လီဗာပူးအတွက် အဖိုးတန်နိုင်ပွဲရှာဖွေပေးသွားခဲ့ပါတယ်။