ပီအက်စ်ဗွီကြယ်ပွင့်ဆိုင်ဘာရီအတွက် အသင့်တော်ဆုံးကလပ်အသင်းကို ညွှန်းဆိုလိုက်တဲ့ ဗန်ဒါဂျစ်ပ်
ဗန်ဒါဂျစ်ပ်က ပီအက်စ်ဗွီကွင်းလယ်ကစားသမားဆိုင်ဘာရီရဲ့ခြေစွမ်းကို သဘောကျနေတာ ကြာပြီဖြစ်ပေမဲ့ အခုအချိန်မှာတော့ ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေဆီ ပြောင်းရွှေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆနေပါတယ်။
Vandaag Inside အစီအစဉ်မှာ ဗန်ဒါဂျစ်ပ်က မော်ရိုကိုလက်ရွေးစင်ကို ဘိုင်ယန်မြူးနစ်လိုအသင်းကြီးတွေဆီသွားဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ အဲ့ဒီအစား သူက ဒေါ့မွန်လို အင်အားတောင့်တင်းပေမဲ့ လွှမ်းမိုးနိုင်စွမ်း အတန်အသင့်နည်းပါးတဲ့ ကလပ်အသင်းဆီ ပြောင်းရွှေ့သွားဖို့ပဲ လိုလားနေပါတယ်။
ဗန်ဒါဂျစ်ပ်က ဆိုင်ဘာရီဟာ ဥရောပစင်မြင့်ထက်ပွဲစဉ်တွေမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်တွေမှတစ်ဆင့် အလားအလာတွေကို ထုတ်ပြနိုင်ခဲ့တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။
"ဆိုင်ဘာရီက ချန်ပီယံလိဂ်မှာ ပွဲကောင်းတချို့ ကစားထားဖူးပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ သူ တကယ့်ကိုကောင်းခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒီတုန်းက သူက အရမ်းလှတဲ့သွင်းဂိုးလည်း သွင်းခဲ့ပါသေးတယ်။ နောက်ပြီးတော့ ကွန်ပနီကလည်း သူ့ကို ကောင်းကောင်းသိနေပြန်ပါတယ်"
"သူက ခွန်အားလည်းရှိသလို ရှေ့ကိုလည်း တိုးကစားနိုင်စွမ်းရှိတယ်။ ဒါက ဗီယာမန်းနဲ့တော့ တော်တော်လေးကွာခြားပါတယ်၊ တစ်မျိုးစီပေါ့။ ဖီယင်နုနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း သူက ဘယ်ခြေနဲ့ အလန်းစားဂိုးတစ်ဂိုး သွင်းခဲ့ပါသေးတယ်" လို့ ၎င်းက ဆိုပါတယ်။