ကမ္ဘာ့ဖလားခြေစစ်ပွဲကျရှုံးမှုအပြီး အနာဂတ်အတွက် မဆွေးနွေးနိုင်သေးဘူးလို့ ထုတ်ပြောလာတဲ့ အီတလီအသင်းနည်းပြဂတ်တူဆို
ဘော့စနီးယားမြေမှာကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်(Playoff) ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အီတလီနည်းပြဂတ်တူဆိုက သူ့ရဲ့ကစားသမားတွေကို ကာကွယ်ပြောကြားခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အင်တာမီလန်နောက်ခံလူဘတ်စ်တိုနီ အနီကတ်ပြထုတ်ပယ်ခံရပေမဲ့ အီတလီက ဘော့စနီးယားကို သာမန်ပွဲကစားချိန်အပြင် အချိန်ပိုအထိပါ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာတော့ အိမ်ရှင်ဘော့စနီးယားက ၄-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး ဂတ်တူဆိုက “အသင်းနဲ့ စကားပြောပြီးပါပြီ၊ ဒီကစားသမားအုပ်စုကို ကျွန်တော် ကျေးဇူးပဲတင်နိုင်ပါတယ်။ ဒီလိုလက်ရွေးစင်အသင်းမျိုးကို မမြင်ရတာ နှစ်တော်တော်ကြာပါပြီ။ တကယ်ကို နာကျင်ရပေမဲ့ ဒါကို ကျွန်တော်တို့ လက်ခံပေးရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဒိုင်လူကြီးတွေအကြောင်း ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော်တို့ ဒုတိယဂိုး ထပ်သွင်းနိုင်ခဲ့သင့်တယ်။ ဒါပေမဲ့ ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ ဒီကောင်လေးတွေအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ အခုလိုရလဒ်မျိုးကို လက်ခံရတာတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ထိုးနှက်ချက်တစ်ခုဖြစ်လို့ အချိန်ယူသွားဖို့ လိုအပ်ပါတယ်” လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး သူက “ပရိသတ်တွေ အုံနဲ့ကျင်းနဲ့အားပေးနေတဲ့ ဒီလိုပွဲစဉ်မျိုးမှာ ကျွန်တော်တို့ အမှားတစ်ခုလုပ်မိခဲ့လို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတယ်။ ဒါပေမဲ့ အသင်းက တောင့်ခံနိုင်ခဲ့သလို နောက်ထပ်ဂိုးတွေလည်း ရနိုင်ခဲ့ပါသေးတယ်။ အသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားဖို့ပဲ ကျွန်တော်တို့ တောင်းဆိုခဲ့တာပါ။ ဒီနေ့မှာတော့ ကံမကောင်းတဲ့ဖြစ်ရပ်အချို့ကြောင့် ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရပါတယ်” လို့ ပြောပါတယ်။
ဂတ်တူဆိုရဲ့ အနာဂတ်နဲ့ အီတလီဘောလုံးလောကအခြေအနေကို မေးမြန်းရာမှာတော့ “ဒါဟာ ကျွန်တော့်အနာဂတ် ဒါမှမဟုတ် တခြားသူတွေရဲ့ အနာဂတ်အကြောင်း ပြောရမယ့်အချိန် မဟုတ်သေးပါဘူး” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
“ဒီလို အငြင်းပွားစရာတွေမှာ ကျွန်တော် မပါဝင်ချင်ပါဘူး၊ ကျွန်တော်က နည်းပြတစ်ဦးပါ။ ကျွန်တော်တို့ နှစ်အတော်ကြာ ရုန်းကန်နေရတယ်ဆိုပေမဲ့ ဘာလုပ်ရမလဲဆိုတာကို ပြောပြဖို့ ကျွန်တော်က သင့်တော်တဲ့သူ မဟုတ်ပါဘူး၊ ကျွန်တော့်ထက် ပိုသိတဲ့သူတွေ အများကြီးရှိပါတယ်” လို့ ၎င်းက ဆိုပါတယ်။