ဘိုလော့ဂ်နာအသင်းရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ဖောရက်စ်တိုက်စစ်မှူး လူကာ
နော့တင်ဟမ်ဖောရက်စ်တိုက်စစ်မှူး လော်ရန်ဇိုလူကာဟာ အီတလီစီးရီးအေကို ပြန်ဖို့ အခွင့်အရေးရှိနေပါတယ်။
နာပိုလီအသင်းပိုင် ကစားသမားဖြစ်တဲ့ လူကာဟာ ပွဲကစားခွင့် ပိုရဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက နော့တင်ဟမ်ဖောရက်စ်အသင်းဆီ အငှားနဲ့ လာရောက်ကစားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်္ဂလန်မှာ ကုန်ဆုံးခဲ့တဲ့ သူ့ရဲ့အချိန်တွေကတော့ စိတ်ကူးထားသလို ဖြစ်မလာခဲ့ဘဲ အသင်းအတွက် ၇ ပွဲကစားပေးခဲ့ရာမှာ ၁ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။
အီတလီသတင်းစာ La Gazzetta dello Sport ရဲ့ အဆိုအရ ဘိုလော့ဂ်နာအသင်းဟာ ဒီအီတလီတိုက်စစ်မှူးကို ပြန်ပြီး စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။
စီးရီးအေကလပ်ဖြစ်တဲ့ ဘိုလော့ဂ်နာဟာ လူကာကို အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းကတင်မကဘဲ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။
ဘိုလော့ဂ်နာအသင်းဟာ ဒီနွေရာသီမှာ တိုက်စ်ဒါလင်ဂါကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ အဲဒီလို အစားထိုးမယ့်သူတွေထဲမှာ လူကာကလည်း ရွေးချယ်စရာ တစ်ဦးအနေနဲ့ ပါဝင်နေပါတယ်။