The network connection is lost.

Banner Image

လီဗာပူးမှထွက်ခွာတော့မယ့် မိုဆာလက်အတွက် စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စကားဆိုခဲ့တဲ့ ကိုနာတေး

လီဗာပူးကြယ်ပွင့်မိုဟာမက်ဆာလက်ရဲ့ အသင်းမှထွက်ခွာတော့မယ်ဆိုတဲ့ ကြေညာချက်ထွက်ပေါ်လာပြီးနောက် အသင်းဖော်ကိုနာတေးက သူ့ဆီ နှုတ်ဆက်စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

အခုဘောလုံးရာသီကုန်ဆုံးချိန် လီဗာပူးမှထွက်ခွာတော့မယ်ဆိုတဲ့ မိုဆာလက်ရဲ့ကြေညာချက်က ပရိသတ်တွေအတွက်တော့ တကယ့်ကိုအံ့အားသင့်စရာ သတင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပရိသတ်တွေကလည်း အသင်းအပေါ်ပေးဆပ်ခဲ့တဲ့ အီဂျစ်တိုက်စစ်မှူးကို ကျေးဇူးတင်ပြီး စိတ်မကောင်းလည်း ဖြစ်ရတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ကြပါတယ်။

လက်ရှိမှာ လီဗာပူးအသင်းက ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်လို့ မိုဆာလက်အတွက် အခုဘောလုံးရာသီကို ဆုဖလားအောင်မြင်မှုတစ်ခုခုနဲ့ အဆုံးသတ်နိုင်မယ့်အခွင့်အရေး ရှိနေပါသေးတယ်။

လီဗာပူးအသင်းအတွက် ၄၃၅ ပွဲမှာ ၂၅၅ ဂိုးအထိ သွင်းယူပေးထားတဲ့ မိုဆာလက်က ကြိုးကြာနီတွေရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ပြီး အသင်းမှ သူထွက်ခွာဖို့ ပြင်ဆင်နေချိန် အသင်းဖော်ကိုနာတေးက အခုလိုမျိုးနှုတ်ဆက်စကား ပြောကြားလာပါတယ်။

"ခင်ဗျားက အကောင်းဆုံးတွေထဲမှာမှ အတော်ဆုံးပါပဲ အစ်ကို။ ကွင်းတွင်းမှာရော၊ ကွင်းပြင်ပမှာပါ ကျွန်တော်တို့ အတူဖြတ်သန်းခဲ့တဲ့ အမှတ်တရကောင်းတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ နောက်ထပ်ခြေလှမ်းတိုင်းမှာ အလ္လာရှင်မြတ်ရဲ့အမိန့်တော်အတိုင်း အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ဘုရင်ကြီးရေ" လို့ ကိုနာတေးက ရေးသားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ထုတ်ပြန်ချက်မှာလည်း မိုဆာလက်ကို အသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သူလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မိုဆာလက်အတွက် အသင်းမှာ ကစားဖို့အချိန်တွေ အများကြီးကျန်ရှိနေသေးလို့ အခုအချိန်က သူ့ရဲ့အောင်မြင်မှုတွေကို အပြည့်အ၀ဂုဏ်ပြုပေးရမယ့်အချိန် မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။

မိုဆာလက်က လီဗာပူးနဲ့အတူ ရနိုင်တဲ့ ဆုဖလားအားလုံး သိမ်းပိုက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ပွဲ ၃၁၀ ကစား၊ ၁၈၉ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၉၂ ကြိမ် ပြုလုပ်ပေးထားပါတယ်။ သူ့နေရာမှာ အစားထိုးဖို့ ခက်ခဲနိုင်ပေမဲ့ လီဗာပူးကတော့ နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် ရွေးချယ်စရာတွေကို ရှာဖွေသွားပါလိမ့်မယ်။