The network connection is lost.

Banner Image

ဆာလက်အတွက် လီဗာပူးမှ ထွက်ခွာပြီး နေရောင်ခြည်ကောင်းတဲ့နေရာမှာ သွားရောက်ကစားဖို့ထိုက်တန်နေပြီလို့ ပြောကြားလိုက်တဲ့ အလန်ရှီးယား

ပရီးမီးယားလိဂ်ဂန္တဝင်တိုက်စစ်မှူးအလန်ရှီးယားက လီဗာပူးအသင်းကြယ်ပွင့် မိုဆာလက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့ပါတယ်။

ဆာလာက ၂၀၁၇ ခုနှစ်မှာ ရိုးမားမှ လီဗာပူးဆီ ရောက်ရှိလာခဲ့ပြီး အခုဆိုရင် အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။ ဒီရာသီကုန်မှာ သူသာ အသင်းကနေ ထွက်ခွာသွားခဲ့ရင် လီဗာပူးပရိသတ်တွေ အလွန်လွမ်းဆွတ်ကြမယ်ဆိုတာ သေချာပါတယ်။

လီဗာပူးအတွက် ၄၃၅ ပွဲ ကစားပေးထားပြီး ၂၅၅ ဂိုးအထိ သွင်းယူပေးထားတဲ့ ဒီအီဂျစ်လက်ရွေးစင်ကစားသမားရဲ့နေရာကို အစားထိုးဖို့ဆိုတာ တကယ့်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ အသင်းမှာ ဆယ်စုနှစ်တစ်ခုနီးပါး ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ အခုအချိန်က သူထွက်ခွာဖို့အတွက် အကောင်းဆုံးအချိန်လည်း ဖြစ်နိုင်ပါတယ်။

Betfair နဲ့ အင်တာဗျူးမှာ အလန်ရှီးယားက မိုဆာလက်အတွက် ဆော်ဒီပရိုလိဂ်လိုမျိုး နေရောင်ခြည်အားကောင်းတဲ့နေရာမှာ အေးအေးလူလူ သွားရောက်ကစားခွင့်နဲ့ ထိုက်တန်နေပြီလို့ ပြောကြားခဲ့ပါတယ်။

"မိုဆာလက်က လီဗာပူးရဲ့ အကောင်းဆုံးကစားသမားစာရင်းဝင် ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးလည်း ဖြစ်ပါတယ်။ လီဗာပူးမှာ ခြေစွမ်းပြခဲ့တဲ့ ဒဲလ်ဂလစ်ရှ်၊ ဂျရတ်တို့လို နာမည်ကြီးကစားသမားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တောင် အသင်းရဲ့ အကောင်းဆုံး ကစားသမားငါးဦးစာရင်းမှာ သူပါဝင်နေမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ အသင်းမှာ အကောင်းဆုံးကစားသမားတွေ အများကြီးရှိခဲ့တဲ့ကြားမှ အခုလိုအဆင့်အတန်းမျိုး ရောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုပါပဲ။"

"သူက အခု အသက် ၃၃ နှစ် ရှိပါပြီ။ ဝမ်းနည်းဖို့ကောင်းတာက ဘယ်လောက်ပဲ လက်ခံရခက်ခက်၊ တစ်ခါတလေမှာ အသက်အရွယ်က လူကို စကားပြောလာတတ်ပါတယ်။ အခု မိုဆာလက်လည်း အဲဒီလို အခြေအနေမျိုး ဖြစ်နေနိုင်ပါတယ်။"

"သူ့အတွက် ပရီးမီးယားလိဂ်လို မဟုတ်ဘဲ ပြိုင်ဆိုင်မှု မပြင်းထန်တဲ့၊ မမြန်ဆန်တဲ့၊ နေရောင်ခြည်ကောင်းတဲ့ တစ်နေရာရာမှာ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် သွားရောက်ကစားဖို့ ထိုက်တန်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ သူ ဘယ်ကိုပဲသွားသွား ဂိုးတွေ အများကြီးထပ်သွင်းနိုင်ဦးမယ်ဆိုတာ သေချာပါတယ်။"

"ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အခက်ခဲဆုံးလိဂ်ပြိုင်ပွဲဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ အရမ်းပင်ပန်းပြီး ပြိုင်ဆိုင်မှုပြင်းထန်လွန်းပါတယ်။ ဒါကြောင့် မိုဆာလက်က နေရောင်ခြည်ကောင်းတဲ့ တခြားနေရာတစ်ခုမှာ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် သွားကစားဖို့ အခွင့်အရေး ရသင့်ပါတယ်" လို့ ရှီးယားက ဆိုပါတယ်။

မိုဆာလက်က လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလား နှစ်ကြိမ်တို့ကို ဆွတ်ခူးရရှိထားပါတယ်။

အခုအခါမှာတော့ သူ့ကို နေရောင်ခြည်ပိုမိုရရှိနိုင်တဲ့ ဆော်ဒီပရိုလိဂ် ဒါမှမဟုတ် အမေရိကန်မေဂျာလိဂ် (MLS) ဆီပြောင်းရွှေ့ဖို့ မျှော်မှန်းထားပြီး မာဆေးဆိုဒ်မှ ထွက်ခွာသွားဖို့လည်း အတည်ပြုကြေညာထားပါတယ်။