The network connection is lost.

Banner Image

ယူနိုက်တက်ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးကိုခေါ်ယူဖို့ အင်တာမီလန်စိတ်ဝင်စားနေ

မန်ချက်စတာယူနိုက်တက်ရဲ့ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးကို ခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းက စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ကတ်စ်မဲရိုးဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ Globo Esporte ရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟာ ကတ်စ်မဲရိုးရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတဲ့ အသင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အသက် ၃၄ နှစ်အရွယ် ကွင်းလယ်လူအတွက် ရွေးချယ်စရာ လမ်းစတွေ အများကြီး ရှိနေပါတယ်။ ဥရောပ ထိပ်တန်းကလပ်တွေအပြင် ဆော်ဒီနဲ့ အမေရိကန်က အသင်းတွေကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာတော့ ကတ်စ်မဲရိုးဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ထပ်ခြေလှမ်းအတွက် ဘယ်ကိုသွားမလဲဆိုတာကို အသေအချာ စဉ်းစားတွေးတောနေပါတယ်။

သူ့အတွက် ရွေးချယ်စရာတွေထဲမှာ ဘရာဇီးလ်ကို ပြန်ဖို့ ဒါမှမဟုတ် ဥရောပက သိပ်ပြီး ဖိအားမများတဲ့ လိဂ်တစ်ခုခုကို ပြောင်းရွှေ့ဖို့ဆိုတာတွေလည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ အင်တာမီလန်ဟာ သူ့အတွက် အလေးအနက်ထား စဉ်းစားရမယ့် ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

အင်တာမီလန် ဥက္ကဋ္ဌ ဘက်ပီမာရော့တာရဲ့ အပြောင်းအရွှေ့ မူဝါဒဟာ နာမည်ကြီး ဝါရင့်ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဖြစ်တာကြောင့် ကတ်စ်မဲရိုးက သူတို့ရဲ့ ပစ်မှတ် ဖြစ်လာတာပါ။ ဒါပေမဲ့ ကတ်စ်မဲရိုးအနေနဲ့ အီတလီစီးရီးအေကို ပြောင်းရွှေ့ချင်တယ်ဆိုရင်တော့ အခုလက်ရှိ ယူနိုက်တက်မှာ ရနေတဲ့ တစ်နှစ်လစာ ယူရို ၁၈ သန်းကို အတော်လေး လျှော့ချလက်ခံဖို့ လိုအပ်ပါလိမ့်မယ်။