The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကို သတိပေးလိုက်တဲ့ မန်စီးတီးဂန္ထဝင် ဒေးဗစ်ဆေးလ်ဗား

မန်စီးတီးအသင်းရဲ့ ဂန္ထဝင်ကစားသမား ဒေးဗစ်ဆေးလ်ဗားက ဒီညကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်သွားအောင် လုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မန်စီးတီးဟာ ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ပထမအကျော့က ၃ ဂိုးပြတ် ရှုံးနိမ့်ထားမှုကို အကောင်းဆုံးကျော်ဖြတ်ဖို့ လိုအပ်နေတာပါ။ ဆေးလ်ဗားက Marca သတင်းစာကို အခုလိုပြောပါတယ်။ "ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှ မထင်ထားခဲ့တာ အမှန်ပါပဲ၊ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဆိုရင် အမြဲတမ်း ပြောင်းလဲသွားတတ်ပါတယ်။ ဒုတိယအကျော့ ရှိပါသေးတယ်၊ မန်စီးတီးအနေနဲ့ ပွဲစစချင်း မိနစ်ပိုင်းတွေမှာတင် ဂိုးတွေပြန်သွင်းပြီး ပွဲကို အသက်ဝင်လာအောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၃ ဂိုးပြတ်ဆိုတာ မလွယ်ဘူးဆိုပေမဲ့ အီတီဟတ်ကွင်းမှာ မန်စီးတီးက တော်တော်လေး အားကောင်းပါတယ်၊ အစောပိုင်းမှာသာ ၁ ဂိုးလောက် ရသွားမယ်ဆိုရင် ဘာမဆို ဖြစ်သွားနိုင်ပါတယ်" လို့ ဆိုပါတယ်။

ပထမအကျော့မှာ ဖက်ဒီဗယ်ဗာဒီရဲ့ ဟက်ထရစ်ရခဲ့မှုအပေါ် သူက ဆက်ပြောရာမှာတော့ "သူက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲကို ကစားသွားခဲ့တာပါ၊ သူက အမြဲတမ်း အစွမ်းကုန် ကြိုးစားသလို ကြံ့ခိုင်မှုပိုင်းမှာလည်း ထူးခြားတဲ့သူပါ။ သူ့ရဲ့ အပြေးနှုန်းကလည်း မယုံနိုင်စရာကောင်းပြီး ရီးရဲလ်မက်ဒရစ်အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒါက ဘောလုံးလောကရဲ့ သဘာဝပါပဲ၊ ဗယ်ဗာဒီက ပထမအကျော့မှာ သုံးဂိုးအထိ သွင်းလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး" လို့ ပြောခဲ့ပါတယ်။

သူတို့ခေတ်နဲ့ အခုလက်ရှိ မန်စီးတီးအသင်း ပြောင်းလဲသွားသလားဆိုတဲ့ မေးခွန်းကိုတော့ ဆေးလ်ဗားက "အခုလက်ရှိမှာ သူတို့က တိုက်စစ်ကို ပိုပြီး တိုက်ရိုက်ဆန်ဆန် ကစားလာကြတယ်လို့ ထင်ပါတယ်။ ကစားသမားသစ် ခေါ်ယူမှုတွေကလည်း အဲဒီဘက်ကို ဦးတည်နေတာပါ။ ကျွန်တော်တို့ခေတ်တုန်းကတော့ အပေးအယူ ပိုလုပ်ကြတယ်၊ ဒါပေမဲ့ ပက်ဂွာဒီယိုလာရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ဒဿနကတော့ အမြဲတမ်း ရှိနေတာပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။ ရိုဒရီနဲ့ ပတ်သက်ပြီးတော့လည်း "သူ ကစားချိန် ပိုရဖို့ လိုနေပါသေးတယ်၊ ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုဒဏ်ရာမျိုးတွေက တော်တော်လေး ရှုပ်ထွေးလို့ပါ၊ ဒါကို ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံအရ ပြောတာပါ။ ရုပ်ပိုင်းဆိုင်ရာတင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာပါ အရေးကြီးတာမို့လို့ပါ။ မကြာခင်မှာ အရင်ကလို ခြေစွမ်းမျိုးနဲ့ ရိုဒရီကို ပြန်မြင်ရမှာပါ" လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။