စာချုပ်ပါ သက်တမ်းတိုးခွင့်ကို အသုံးပြုလိုက်တဲ့ လီဗာပူးနဲ့ ဂိုးသမားအလီဆင်
လီဗာပူးအသင်းက ဂိုးသမားအလီဆင်ရဲ့လက်ရှိစာချုပ်ပါ တစ်နှစ်သက်တမ်းတိုးခွင့်ကို စတင်အသုံးပြုလိုက်ပါတယ်။
လီဗာပူးအသင်းက ၂၀၂၇ ခုနှစ်အထိ အန်ဖီးလ်မှာ အလီဆင်ဆက်ရှိနေစေမယ့် စာချုပ်ပါအချက်အလက်ကို အသက်သွင်းလိုက်တယ်လို့ Liverpool Echo ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဘရာဇီးလက်ရွေးစင်ဂိုးသမားက ၂၀၂၁ ခုနှစ်အတွင်း လီဗာပူးအသင်းနဲ့ ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်ထဲမှာ နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ခဲ့ပါတယ်။
စနေညနေပိုင်း၊ WinWin သတင်းဌာနနဲ့အင်တာဗျူးအစီအစဉ်မှာ အလီဆင်ရဲ့ အေးဂျင့်ဇီမာရီယာနက်စ်က "ကျွန်တော်တို့ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်ပါပြီ" လို့ ပြောကြားရင်း ဒီသတင်းကို အတည်ပြုပေးခဲ့ပါတယ်။
အခုစာချုပ်သစ်ကြောင့် လီဗာပူးနဲ့အလီဆင်တို့အကြား လက်တွဲခဲ့မှုက ၉ နှစ်ကြာမြင့်သွားပါလိမ့်မယ်။ သူက ၂၀၁၈ ခုနှစ်အတွင်း ရိုးမားမှ လီဗာပူးဆီ ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။