ယူ၂၁ ပွဲစဉ်ကို သွားရောက်ကြည့်ရှုဖို့ ယူနိုက်တက်မီဒီယာတွေ့ဆုံပွဲအချိန်ကို ရှေ့တိုးခဲ့တဲ့ ကာရစ်
မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်ဟာ ယူ၂၁ အသင်းရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုနိုင်ဖို့အတွက် သောကြာနေ့မှာ ပြုလုပ်မယ့် မီဒီယာတွေ့ဆုံပွဲအချိန်ကို ရှေ့တိုးလိုက်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ပွဲစဉ်အတွက် ကာရစ်က မီဒီယာတွေကို ဖြေကြားပေးခဲ့တာဖြစ်ပြီး ယူ၂၁ ပွဲစဉ်ကို အချိန်မီ သွားရောက်နိုင်ဖို့အတွက် သတင်းထောက်တွေကို ပုံမှန်ထက်စောပြီး လာရောက်ပေးဖို့ တောင်းဆိုခဲ့တာပါ။
ဂျော်ဒီသားကြီး ကာရစ်ဟာ ဒီရာသီမှာ ယူ၂၁ နဲ့ ယူ၁၈ ပွဲစဉ်တွေကို ပုံမှန်သွားရောက်ကြည့်ရှုလေ့ရှိသူဖြစ်ပြီး ပြီးခဲ့တဲ့ FA လူငယ်ဖလားပွဲစဉ်တုန်းကလည်း အောက်စဖို့ဒ်ယူနိုက်တက်ကွင်းအထိ ကိုယ်တိုင်သွားရောက် အားပေးခဲ့ပါသေးတယ်။
စာနယ်ဇင်းရှင်းလင်းပွဲအတွင်းမှာ ကာရစ်က "ယူ၂၁ ပွဲက နောက် ၂၅ မိနစ်မှာ စတော့မှာပါ၊ ဒါကြောင့် ဒါကို မြန်မြန်အဆုံးသတ်ပြီး ဟိုကို အမြန်သွားကြည့်ဖို့ စောင့်မျှော်နေပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီကိုပဲ ပိုပြီးသွားချင်နေတာပါ" လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကာရစ်ဟာ ယူနိုက်တက် ယူ၂၁ အသင်းက ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲကို ကြည့်ရှုနိုင်ခဲ့ပြီး အသင်းကြီးနည်းပြရှေ့မှာတင် ဗစ်တာမူဆာက နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။