The network connection is lost.

Banner Image

မက်ဆီနဲ့ လာပေါ်တာတို့အကြောင်း ဇာဗီပြောခဲ့တာတွေက မှန်ကန်တယ်လို့ အက်သလက်တီကိုမက်ဒရစ် အရာရှိချုပ် အလီမာနီ အတည်ပြု

ပီအက်စ်ဂျီအသင်းကနေ လီယွန်နယ်မက်ဆီကို ပြန်လည်ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက ငြင်းပယ်ခဲ့တယ်ဆိုတဲ့ ဇာဗီရဲ့ ပြောကြားချက်ဟာ မှန်ကန်ကြောင်း အက်သလက်တီကိုမက်ဒရစ် အရာရှိချုပ် မာတူး အလီမာနီက အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌလောင်းတွေဖြစ်ကြတဲ့ လာပေါ်တာနဲ့ ဗစ်တာဖောင့်တို့ရဲ့ စကားစစ်ထိုးပွဲမတိုင်ခင်မှာ ဇာဗီက အခုလို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဒီအပြောင်းအရွှေ့ကို လာလီဂါဘက်ကလည်း ခွင့်ပြုချက်ပေးခဲ့ပြီးသားလို့ ဆိုပါတယ်။

ဇာဗီက "လီယို ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ ၂၀၂၃ ဇန်နဝါရီလ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ အဆက်အသွယ်ရခဲ့ပြီး သူကလည်း အသင်းကို ပြန်လာဖို့ စိတ်အားထက်သန်နေခဲ့တယ်၊ ဒါကို ကျွန်တော်ကိုယ်တိုင်လည်း မြင်တွေ့ခဲ့ရပါတယ်" လို့ ပြောပါတယ်။

"ကျွန်တော်တို့ မတ်လအထိ စကားပြောဖြစ်ခဲ့ကြပါတယ်။ ဒါဟာ ဘောလုံးလောကရဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်လို့ ခွင့်ပြုချက်ရတာနဲ့ ဥက္ကဋ္ဌကို အကြောင်းကြားမယ်လို့ မက်ဆီကို ပြောခဲ့တယ်။ ဥက္ကဋ္ဌကိုယ်တိုင်လည်း မက်ဆီရဲ့ဖခင်နဲ့ စာချုပ်ကိစ္စတွေ စတင်ဆွေးနွေးခဲ့သလို လာလီဂါဆီကလည်း ခွင့်ပြုချက်ရခဲ့ပါတယ်။ ဒါပေမဲ့ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်တာကတော့ ဥက္ကဋ္ဌကိုယ်တိုင်ပါပဲ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

လာပေါ်တာက ဇာဗီရဲ့ ပြောကြားချက်တွေကို ငြင်းဆိုထားပေမဲ့ အဲဒီအချိန်တုန်းက ဘာစီလိုနာရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့တဲ့ အလီမာနီကတော့ "ဇာဗီပြောတာ မှန်ပါတယ်။ မက်ဆီကို ရပြီလို့ သူတို့ ကျွန်တော်တို့ကို ပြောခဲ့တာပါ။ ဇာဗီပြောတာ တကယ်မှန်ပါတယ်" လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။