အကောင်းဆုံးကြိုးစားပြီး လီဗာပူးကိုအနိုင်ရခဲ့ကြောင်း ပြောကြားလာတဲ့ အိုကန်ဘူရက်
ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဂါလာတာစာရေးနည်းပြ အိုကန်ဘူရက်က အလွန်ဝမ်းမြောက်ကျေနပ်နေပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ မာရီယို လီမီနာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ ဂါလာတာစာရေးက ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ အိုကန်က "ဂိုးရလဒ်က ပထမပွဲနဲ့ ဆင်တူပေမဲ့ ကစားပုံကတော့ ပထမပွဲနဲ့ မတူခဲ့ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
"လီဗာပူးဆိုတာ အရည်အသွေးမြင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းကြီးတစ်သင်းပါ။ ဒီမှာ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်ခဲ့လို့ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ အရာအားလုံးက ပြီးသွားပြီမဟုတ်သေးပါဘူး။ ဒုတိယအကျော့က သူတို့ရဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်သလို နောက်ထပ် အရမ်းခက်ခဲတဲ့ ပွဲတစ်ပွဲက ကျွန်တော်တို့ကို စောင့်ကြိုနေပါတယ်"
"လီဗာပူးလို အသင်းမျိုးနဲ့ ကစားရတာ အမြဲတမ်း ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အရည်အချင်းရှိတဲ့ အသင်းဖြစ်လို့ ကိုယ်မှားလိုက်တဲ့ အမှားလေးတစ်ခုကနေတောင် အခွင့်အရေး ယူသွားနိုင်လို့ပါ။ အခုတော့ ရှေ့မှာရှိနေတဲ့ စိန်ခေါ်မှုကြီးကိုပဲ အာရုံစိုက်သွားမှာပါ။ ကျွန်တော့်ရဲ့ ကစားသမားတွေကိုလည်း အမြဲတမ်း ယုံကြည်မှုရှိပါတယ်" လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း အသင်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့ပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ လီမီနာက "အသင်းဖော်တွေနဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။လိဂ်အဆင့်တုန်း) ပထမဆုံးပွဲလိုပဲ အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင်ပြီး အနိုင်ယူချင်ခဲ့တာပါ" လို့ ပြောပါတယ်။
"ကျွန်တော်တို့ အခု အနိုင်ရခဲ့ပါပြီ။ အန်းဖီးလ်ကွင်းမှာ ကစားရမယ့် နောက်ထပ်တစ်ပွဲ ကျန်ပါသေးတယ်။ အဲဒီမှာလည်း ထပ်ပြီး အနိုင်ရချင်သလို ကွာတားဖိုင်နယ်အဆင့်ကိုလည်း တက်လှမ်းချင်ပါတယ်"
"ဒါက ဂါလာတာစာရေးအသင်းမှာ ကျွန်တော့်ရဲ့ ဒုတိယအကြိမ်မြောက် ကစားခွင့်ရတာပါ။ အသင်းကနေ ထွက်ခွာခဲ့တုန်းက အရမ်းခံစားခဲ့ရပါတယ်။ အခု အိပ်မက်တွေအတိုင်း ပြန်လာခွင့်ရလို့ အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ အခု ပြိုင်ပွဲတိုင်းမှာ ကောင်းကောင်းကစားနိုင်နေပြီး ဒီအတိုင်းပဲ ဆက်သွားချင်ပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။