ရာသီကုန်မှာ ဒေါ့မွန်မှထွက်ခွာမယ့် ဘရန့်ဒ်ကို ပစ်မှတ်ထားလာတဲ့ အင်တာမီလန်
ဒေါ့မွန်အသင်းက ဂျူလီယန်ဘရန့်ဒ်အနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက်မှာ အင်တာမီလန်အသင်းဟာ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် အချိန်မဆွဲဘဲ ချက်ချင်းဆိုသလို ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ အခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ်ဆိုတာကို ဒေါ့မွန်အကြီးအကဲ လားစ်ရစ်ကန်က အတည်ပြုပေးခဲ့တာပါ။
ရစ်ကန်က “သတင်းအချို့ ထွက်ပေါ်နေတာမျိုးတော့ ရှိပါတယ်။ တကယ်တမ်းကတော့ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတာဖြစ်ပြီး သက်တမ်းကုန်တော့မယ့် စာချုပ်ကို ထပ်မတိုးတော့ဖို့ သဘောတူခဲ့ကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက “သူဟာ ဘိုရုရှားဒေါ့မွန်အတွက် ပွဲပေါင်းရာနဲ့ချီ ကစားပေးခဲ့သူပါ။ သူ့ကို ကျွန်တော်တို့ ကျေးဇူးပဲတင်ရမှာပါ။ ကျွန်တော်တို့အသင်းမှာ ခုနစ်နှစ်ကြာ ကစားပေးခဲ့ပြီး တစ်ခါတလေမှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာမျိုးလည်း ရှိပါတယ်။ နောက်အပတ် အနည်းငယ်ဆိုရင် သူက အသက် ၃၀ ပြည့်တော့မှာပါ။ ကျွန်တော်တို့ဘက်ကလည်း အပြောင်းအလဲသစ်တွေ လုပ်နိုင်သလို ဒါဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ အားလုံး သဘောတူညီခဲ့ကြပါတယ်” လို့လည်း ဆိုပါတယ်။
L’Interista ရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ လာမယ့်နွေရာသီမှာ ဘရန့်ဒ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေဆီကို အခုကတည်းက ဆက်သွယ်မှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။