ဘိုင်ယန်မြူးနစ်ရဲ့ထက်မြက်မှုက ပွဲစဉ်ကို အဆုံးအဖြတ်ပေးသွားတယ်လို့ ဆိုလိုက်တဲ့ ဒေါ့မွန်နည်းပြကိုဗက်
ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရတဲ့ စိတ်လှုပ်ရှားဖွယ် "Klassiker" (ကလက်ဆီကာ) ပွဲစဉ်မှာ ၂-၃ ဂိုးဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နီကိုကိုဗက်က ဒေါ့မွန်ကစားသမားတွေရဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးလိုက်ပါတယ်။ တစ်ဖက်မှာလည်း သူက ကင်မစ်ချ်ရဲ့ကမ္ဘာ့အဆင့်ခြေစွမ်းပိုင်းကို အခုပွဲစဉ်ရလဒ်ပိုင်းအတွက် အဆုံးအဖြတ်ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကို ပွတ်ကာသီကာရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပေါ် နီကိုကိုဗက် ပြန်လည်သုံးသပ်ရာမှာ နှစ်ဖက်အသင်းကစားသမားတွေရဲ့အပြင်းအထန်ယှဉ်ပြိုင်မှုကို မြင်တွေ့ရတဲ့ပွဲစဉ်တစ်ခုလို့ ဆိုခဲ့ပြီး စိတ်ပျက်စရာ ရလဒ်ထွက်ပေါ်ခဲ့ပေမဲ့ သူ့အသင်းကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကိုတော့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
"အတ္တလန္တာနဲ့ပွဲစဉ်အပြီး ကောင်းမွန်တဲ့တုံ့ပြန်မှုတစ်ခုကို ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်။ အစွမ်းကုန် ကြိုးစားခဲ့သလို အပြန်အလှန်အကြိတ်အနယ်ယှဉ်ပြိုင်တဲ့ ပွဲကြီးပွဲကောင်းလည်း ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါအတွက်တော့ တကယ့်ကို ကြည့်လို့ကောင်းတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ရလဒ်ပိုင်းက ကျွန်တော်တို့အတွက် မလှပခဲ့ပါဘူး" လို့ ကိုဗက်က ပြောပါတယ်။
ဆက်လက်ပြီး ဒေါ့မွန်နည်းပြက အမ်မရီချန်ရဲ့ဒဏ်ရာအခြေအနေကိုလည်း စိုးရိမ်ပူပန်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ "ဆရာဝန်ကတော့ အမ်မရီချန်ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ သိပ်အခြေအနေမကောင်းဘူးလို့ ယူဆနေပါတယ်။ ဒူးအရွတ်ဒဏ်ရာ(Cruciate Ligament) ဖြစ်နိုင်ပါတယ်။ သူကိုယ်တိုင်လည်း ဒဏ်ရာရတဲ့အချိန်မှာ တစ်ခုခုဖြစ်သွားတဲ့အသံကို ကြားလိုက်ရတယ်လို့ ပြောပါတယ်။ အများကြီး ထပ်မပြောချင်ပေမဲ့ အခြေအနေ သိပ်မကောင်းလှပါဘူး" လို့ ဆိုပါတယ်။
ကိုဗက်က ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တွေရဲ့ ပွဲစဉ်အပေါ်အဆုံးအဖြတ်ပေးနိုင်စွမ်းကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။ "နောက်ဆုံးမှာတော့ ကင်မစ်ချ်ရဲ့ ကမ္ဘာ့အဆင့်မီအရည်အသွေးကပဲ ပွဲကို အဆုံးအဖြတ်ပေးသွားခဲ့ပါတယ်။ ပထမဂိုးကို သူ ဘယ်လိုဖန်တီးပေးခဲ့တယ်၊ တတိယဂိုးကို ဘယ်လိုသွင်းယူခဲ့တယ်ဆိုတာတွေက ဒီနေ့ပွဲစဉ်ရဲ့အဓိကသော့ချက် ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ခံစစ်ပိုင်းအားနည်းချက်တွေရှိနေမှုကို ဝန်ခံခဲ့ပေမဲ့ ဒေါ့မွန်ရဲ့တိုက်စစ်ပိုင်းအားထုတ်မှုအပေါ်မှာတော့ ကိုဗက်က ကျေနပ်နေပါတယ်။ "ပထမပိုင်းမှာ ရလဒ်ကောင်းတစ်ခု လိုချင်ခဲ့ပြီး အဲဒါကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တကယ့်ကို အပြန်အလှန်တိုက်စစ်ဆင်တဲ့ပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီရာသီ၊ ဘိုင်ယန်မြူးနစ်ရဲ့တိုက်စစ်ပိုင်းက တကယ့်ကို ကမ္ဘာ့အဆင့် ဖြစ်ပါတယ်။ သူတို့နဲ့ရင်ဆိုင်ရတဲ့အသင်းတိုင်း ဂိုးတွေ အများကြီးပေးနေရပါတယ်။ ခံစစ်ပိုင်းမှာ ကျွန်တော်တို့ ဒီထက်ပိုပြီးကောင်းအောင် လုပ်နိုင်ခဲ့သင့်ပေမဲ့ တိုက်စစ်ပိုင်းမှာတော့ ကျွန်တော့်အသင်းအပေါ် ကျေနပ်မိပါတယ်။ ဒါကြောင့်နဲ့ ပွဲကိုအနိုင်ရရှိဖို့ မလုံလောက်ခဲ့တာ ကံမကောင်းတာပါပဲ" လို့ ဆိုပါတယ်။
ရှေ့ဆက်မယ့်အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုဗက်က အနားယူမှုနဲ့ တိုးတက်မှုအပေါ် အာရုံစိုက်ဖို့ အလေးပေးခဲ့ပါတယ်။ "အခုတော့ ကျွန်တော်တို့ နားရက်တွေ ပိုရလာပြီး ဆက်တိုးတက်အောင် လုပ်သွားချင်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ဇယားထိပ်မှာရှိတဲ့ ဘိုင်ယန်မြူးနစ်နဲ့ အမှတ်ကွာဟချက်မကြီးမားအောင် တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ကြိုးစားသွားဖို့ပါပဲ" လို့ ပြောပါတယ်။
ခေတ်သစ်ဘောလုံးလောကမှာ ပြောလေ့ပြောထ သိပ်မရှိပေမဲ့ သူက ဒိုင်လူကြီးတွေကိုလည်း ချီးကျူးစကား ဆိုခဲ့ပါတယ်။ "ဒီနေ့မှာ ဒိုင်လူကြီးက တာဝန်ကျေပွန်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒိုင်လူကြီးတွေကို အမြဲတမ်းဝေဖန်နေတာထက် တစ်ခါတလေ ချီးကျူးပေးသင့်ပါတယ်။ အဲဒီအကြောင်းကိုလည်း ဒိုင်လူကြီးကို ကိုယ်တိုင်ပြောခဲ့ပါတယ်" လို့ ဆိုပါတယ်။
ရှုံးနိမ့်ခဲ့ပေမဲ့လည်း ဘိုင်ယန်မြူးနစ်ရဲ့ထက်မြက်လှတဲ့တိုက်စစ်လှိုင်းလုံးတွေအကြား နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်လိုတဲ့ ဒေါ့မွန်အသင်းရဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုတွေကို ကောင်းမွန်တဲ့အချက်တွေဖြစ်တယ်လို့ ကိုဗက်က အခိုင်အမာပြောကြားသွားခဲ့ပါတယ်။