မိုချန်ဂလာဘတ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဖရန့်ဖတ်ရဲ့အဓိကကစားသမားအချို့ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့
ဖရန့်ဖတ်က မိုချန်ဂလာဘတ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်တွေမှာ ကာလီမန်ဒိုနဲ့ ရက်စ်မတ်စ်ခရစ်စတန်ဆန်တို့ ပါဝင်ကစားခဲ့ကြပါတယ်။
နည်းပြသစ်အဲလ်ဘတ်ရီအဲရာက သူ့ရဲ့ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာ မိုချန်ဂလာဘတ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့လို့ ဖရန့်ဖတ်ရဲ့ကာလတစ်ခုကြာနိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်စေခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်အသင်းက ပထမပိုင်းမှာတင် အပြတ်အသတ်အသာစီးရယူနိုင်ခဲ့တာဖြစ်ပြီး အသက် ၂၀ အရွယ်တိုက်စစ်ကစားသမားဘာဟိုယာကိုယ်တိုင်လည်း အသင်းဖော်တွေဖြစ်တဲ့ ဘရောင်းနဲ့ အက်ချ်ဂူယပ် တို့အတွက် ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဖရန့်ဖတ်မှာ ကာလီမန်ဒိုနဲ့ ရက်စ်မတ်စ်ခရစ္စတန်ဆန်တို့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဇန်နဝါရီမှာ အသင်းဆီရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးကာလီမန်ဒိုက လူကျွံအနေအထားမှတဆင့် ဂိုးသွင်းယူဖို့ကြိုးစားရာမှ ပုခုံးဒဏ်ရာရရှိသွားလို့ ပွဲချိန်အစောပိုင်းမှာတင် လူစားလဲလှယ်ခဲ့ရသလို နောက်ခံလူခရစ်စတန်ဆန်လည်း ပထမပိုင်းပွဲချိန်အပြီး လူစားလဲခဲ့ရပါတယ်။
ဖရန့်ဖတ်အသင်းရဲ့အတည်ပြုချက်အရ ကာလီမန်ဒိုပုခုံးဒဏ်ရာ သိပ်မပြင်းထန်လို့ အချိန်အကြာကြီးအနားယူရဖွယ်မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ခရစ်စတန်ဆန်ကတော့ ခြေချင်းဝတ်ဒဏ်ရာကြောင့် လောလောဆယ်အနားယူနေရပြီး ဒဏ်ရာအခြေအနေကို ထပ်မံစစ်ဆေးနိုင်ဖို့ စောင့်ဆိုင်းနေရပါတယ်။