လီဗာပူး၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ချိတ်ဆက်နေတဲ့ ကောလာဟလတွေကို ဒီအိုမန်ဒီတုံ့ပြန်လာ
လီဗာပူးအသင်းကို ငယ်ဘ၀အိပ်မက်ကလပ်အသင်းဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ဘိုင်ယန်မြူးနစ်ဆီပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလတွေအပေါ် ဒီအိုမန်ဒီက တုံ့ပြန်ပြောကြားခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်တောင်ပံကစားသမားက လိုက်ပ်ဇစ်မှာ ခြေစွမ်းပြသရင်း ဥရောပရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးလူငယ်ကစားသမားတစ်ဦးဖြစ်လာလို့ ထိပ်တန်းကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို ရရှိလာပါတယ်။
ဒီအိုမန်ဒီက ပြီးခဲ့တဲ့သီတင်းပတ်၊ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရတဲ့ ဂျာမန်ပိုကယ်လ်ဖလားပွဲစဉ်မှာလည်း ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။ လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲမှထွက်ခွာလိုက်ရပေမယ့် ဒီအိုမန်ဒီအပေါ် ပြိုင်ဘက်တွေရဲ့စိတ်ဝင်စားမှု မလျော့ကျသွားပါဘူး။
"လူတွေက လီဗာပူးကို ကျွန်တော့်ရဲ့ အိပ်မက်ကလပ်အသင်းအဖြစ် ပြောဆိုနေကြပါတယ်။ တကယ်တော့ အဲ့ဒါက ကျွန်တော့်အဖေရဲ့အကြိုက်ဆုံးကလပ်အသင်း ဖြစ်နေလို့ပါ" လို့ ဒီအိုမန်ဒီက BILD သတင်းစာဆီ ပြောခဲ့ပါတယ်။
"အဖေက အန်ဖီးလ်ကွင်းရဲ့အငွေ့အသက်ကို အရမ်းသဘောကျတာကြောင့် ကျွန်တော့်ကို နောင်တစ်ချိန်၊ အဲ့ဒီကွင်းကြီးမှာ ကစားစေချင်တာ သူ့ရဲ့အကြီးမားဆုံးဆန္ဒဖြစ်ပါတယ်။ သူက စတီဗင်ဂျရတ်အကြောင်းကိုလည်း အမြဲတမ်းချီးကျူးပြောဆိုလေ့ရှိပါတယ်။ ကျွန်တော့်အတွက် ဂျရတ်ကစားတာကိုမြင်ဖူးဖို့ဆိုတာ အရမ်းငယ်လွန်းခဲ့ပါတယ်။ ကျွန်တော်တို့အိမ်မှာ တီဗွီတောင် အကြာကြီး မရှိခဲ့ပါဘူး။ လီဗာပူးကို ကျွန်တော် အများကြီးလေးစားပါတယ်၊ ဒါပေမဲ့ အခုလောလောဆယ် ကျွန်တော့်ရဲ့ အိပ်မက်ကလပ်အသင်းကတော့ လိုက်ပ်ဇစ်ပါပဲ" လို့ ၎င်းက ဆိုပါတယ်။