The network connection is lost.

Banner Image

သူ့ရဲ့ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ နယူးကာဆယ်ပရိသတ်တွေကိုယ်တိုင် သက်သေပြပေးခဲ့တယ်လို့ ဝေါ်လ်တီမိတ်ဖွင့်ဟ

ဝေါ်လ်တီမိတ်က ပြီးခဲ့တဲ့နွေရာသီကာလအတွင်း နယူးကာဆယ်ဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပုံကို ပြန်လည်ပြောပြခဲ့ပါတယ်။

လီဗာပူးအသင်းဆီ အီဆက်ခ် အငြင်းပွားဖွယ်ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ဆွီဒင်သားရဲ့နေရာကို တိုက်ရိုက်အစားထိုးဖို့ နယူးကာဆယ်ဆီ ဂျာမနီတိုက်စစ်မှူး ရောက်ရှိလာပါတယ်။

GQ မဂ္ဂဇင်းနဲ့တွေ့ဆုံချိန် ဝေါ်လ်တီမိတ်က " အီဆက်ခ်နဲ့ပတ်သက်လို့ တစ်ခုခုဖြစ်နေတယ်ဆိုတာတော့ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ အင်္ဂလန်မှာရှိတဲ့သူတွေက အင်္ဂလန်ဘောလုံးအကြောင်းပဲ စိတ်ဝင်စားကြသလို၊ ဂျာမနီမှာလည်း ဒီလိုပါပဲ။ ဒါကြောင့် အခြေအနေတွေက ဒီလောက်အထိ ခက်ခဲနေမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်ရောက်ရောက်ချင်းမှာပဲ အဲဒါကို တိုက်ရိုက်ခံစားခဲ့ရတယ်။ တိုက်စစ်မှူးသစ်တစ်ယောက် ရလိုက်တဲ့အတွက် လူတွေ အရမ်းပျော်ရွှင်နေကြတာပါ။"

" လိဒ်စ်နဲ့အဝေးကွင်းပွဲစဉ်ကို ပရိသတ်တစ်ဦးအဖြစ် ကျွန်တော်သွားကြည့်ခဲ့တုန်းက ပရိသတ်တွေက ရူးမတတ် အားပေးခဲ့ကြပါတယ်။ သူတို့အားလုံး ကျွန်တော့်ဆီပြေးလာကြပြီး ကျွန်တော့်အကြောင်း သီချင်းတွေတောင် ဆိုခဲ့ကြတယ်။ ပြောင်းရွှေ့ကြေး အများကြီးနဲ့ရောက်လာတာဖြစ်လို့ ဖိအားတွေရှိမယ်ဆိုတာ သိပေမဲ့ အဲဒီလိုအားပေးပုံမျိုးကို ကျွန်တော်သဘောကျပါတယ်" လို့ သူက ဆိုပါတယ်။

ဝေါ်လ်တီမိတ်က အခုရာသီအစောပိုင်း၊ ဆန်းဒါးလန်းရင်ဆိုင်ရတဲ့ ခါးသီးဒါဘီပွဲစဉ်မှာ ကိုယ့်ဂိုးကိုယ်သွင်းယူမိပြီး နယူးကာဆယ်ကို ရှုံးပွဲကြုံတွေ့စေခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သူက " တကယ်ကို ဆိုးရွားတဲ့ ခံစားချက်ကြီးပါ။ အရင်က ကိုယ့်ဂိုးကိုယ် တစ်ခါမှ မသွင်းဖူးဘူး၊ အထူးသဖြင့် ဒီလိုပွဲစဉ်မျိုးမှာပေါ့။ အရန်ခုံမှာ ထိုင်နေတုန်း 'ဝါး... ငါ့ကိုတော့ ပရိသတ်တွေ ဝိုင်းဆော်ကြတော့မယ်'လို့ တွေးနေမိတာပါ။ ဒါပေမဲ့ အဝတ်လဲခန်းထဲရောက်လို့ ဖုန်းပြန်ကြည့်လိုက်တဲ့အခါ အားပေးစကားကောင်းလေးတွေပဲ တွေ့ရပါတယ်။"

"ဒီပွဲက အရေးအကြီးဆုံးပွဲဆိုတာ ကျွန်တော် နားလည်ထားတဲ့အတွက် ဒီလိုအားပေးစကားတွေက ကျွန်တော့်ကို အများကြီး အထောက်အကူဖြစ်စေခဲ့ပါတယ်။ တကယ်ကို ကျေးဇူးတင်မိသလို ကျွန်တော်ကိုယ်တိုင်လည်း နေရာမှန်ရောက်နေပြီဆိုတာ သက်သေပြနေပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။