ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ လိုက်ပ်ဇစ်နည်းပြအိုလီဝါနာ
ပင်နယ်တီရသင့်တယ်လို့ယူဆရတဲ့ အနေအထားမှာ ကွင်းလယ်ဒိုင်ကိုယ်တိုင် ပယ်နယ်တီခွင့်ပြုပေးခြင်းမရှိလို့ သူတို့အသင်းနစ်နာရတယ်လို့ လိုက်ပ်ဇစ်နည်းပြ ခံစားနေရပါတယ်။
မနေ့ညပိုင်း၊ ဂျာမန်ပိုကယ်လ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် စိတ်ပျက်နေတဲ့ အိုလီဝါနာက သူ့အသင်း ပင်နယ်တီရရှိဖို့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။
လိုက်ပ်ဇစ်နည်းပြဝါနာက ပွဲကစားချိန် ၂၇ မိနစ်မှာ အန်တိုနီယိုနူဆာနဲ့ ဘိုင်ယန်နောက်ခံလူစတန်နီဆစ်တို့ ဂိုးဧရိယာအနီး ထိခိုက်မိခဲ့တဲ့ဖြစ်ရပ်ကို ရည်ညွှန်းပြောဆိုခဲ့တာပါ။ ဂိုးသွင်းဖို့ဘောလုံးဆွဲပြေးနေတဲ့ နူဆာနဲ့ ဘိုင်ယန်နောက်ခံလူတို့ ခြေထောက်ချင်းငြိသွားခဲ့ပုံရပေမဲ့ ဒိုင်လူကြီ ဒန်နီရယ်ဆီးဘတ်ကတော့ ပြစ်ဒဏ်ဘေုမသတ်မှတ်ဘဲ ပွဲကို ဆက်လက်ကစားစေခဲ့ပါတယ်။
“ဒါဟာ တကယ့်ကို ရူးချင်စရာကောင်းလောက်အောင် ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်ပါ။ ပြစ်ဒဏ်ဘောတောင် မပေးခဲ့ဘူး။ ကျွန်တော့်အတွက်တော့ ဒါက ပင်နယ်တီပါပဲ။ ထိတွေ့မှုက ၁၈ ကိုက်စည်းပေါ်မှာတင် ဖြစ်ခဲ့တာပါ။ ဒီလိုကွင်းမျိုးမှာ နိုင်ပွဲရဖို့ဆိုရင် ကိုယ့်အတွက် အခွင့်အရေးဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေ လိုအပ်ပါတယ်။ ဒီနေ့မှာတော့ အဲဒီလိုအခွင့်အရေးမျိုး ကျွန်တော်တို့ မရခဲ့ပါဘူး။ ဘိုင်ယန်ကတော့ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်” လို့ ဒေါသထွက်နေတဲ့ဝါနာက ပွဲအပြီးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။
အခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာသွားခဲ့ရပေမဲ့ လိုက်ပ်ဇစ်နည်းပြကတော့ သူ့အသင်းကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် အားရကျေနပ်နေပါတယ်။
“ကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းအရ သူတို့အားလုံး ခေါင်းမော့ရင်ကော့ပြီးထွက်လာနိုင်တယ်လို့ အသင်းကစားသမားတွေဆီ ကျွန်တော်ပြောခဲ့ပါတယ်။ ဒိုင်လူကြီးရဲ့အချို့ဆုံးဖြတ်ချက်လိုမျိုး ကျွန်တော်တို့ဘက်မှာ အဆင်မပြေဖြစ်ခဲ့တဲ့အသေးအမွှားကိစ္စလေးတွေ ရှိခဲ့ပါတယ်။ ဘိုင်ယန်ကတော့ ရတဲ့အခွင့်အရေးတွေကို အမိအရအသုံးချနိုင်ခဲ့လို့ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ရတဲ့အခွင့်အရေးတွေကို ပိုပြီးသေချာအောင် အသုံးချသင့်ပါတယ်။ အစောပိုင်းမှာသာ ဦးဆောင်ဂိုးရခဲ့ရင် ကျွန်တော်တို့အတွက် ပိုကောင်းသွားပါလိမ့်မယ်” လို့ သူက ရှင်းပြခဲ့ပါတယ်။
လတ်တလောမှာ လိုက်ပ်ဇစ်အသင်းနဲ့ ဝါနာတို့က လာမယ့်တနင်္ဂနွေနေ့၊ ဝုဖ်ဘတ်နဲ့ရင်ဆိုင်ရမယ့် ဘွန်ဒစ်လီဂါပွဲစဉ်ဆီ အာရုံစိုက်သွားပါလိမ့်မယ်။