မန်စီးတီးရဲ့ ၂၃ နှစ်ကြာအန်ဖီးလ်ကျိန်စာကို အဆုံးသတ်နိုင်ခဲ့မှုအတွက် ဂူဟီ ဂုဏ်ယူဝမ်းမြောက်နေ
မန်စီးတီးခံစစ်မှူးဂူဟီက လီဗာပူးအသင်းရဲ့အိမ်ကွင်းမှာ အဖိုးတန်နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အဝေးကွင်းအထိ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
ယမန်နေ့ညပိုင်းပွဲစဉ်မှာ မန်စီးတီးက အိမ်ရှင်လီဗာပူးကို ၂ -၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဂူဟီလည်း အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ထူးခြားချက်အဖြစ် ဂူဟီက ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လအတွင်း လီဗာပူးဆီပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ လီဗာပူးကိုအနိုင်ယူရာမှာ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပတ်သက်ခဲ့ပါတယ်။"ပရိသတ်တွေကို တကယ်ကို အသိအမှတ်ပြုပါတယ်။ သူတို့ဟာ အင်တိုက်အားတိုက် လာရောက်အားပေးခဲ့ကြသလို ပွဲအစအဆုံး ကျွန်တော်တို့ဘက်မှာ အမြဲတမ်းရှိနေပေးခဲ့ပါတယ်" လို့ ဂူဟီက ပြောပါတယ်။
အန်ဖီးလ်ကွင်းမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်နိုင်ပွဲရရှိမှုနဲ့ပတ်သက်လို့လည်း သူက "ဒီကွင်းမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပရိသတ်တွေရှေ့မှောက် ပထမဆုံးအကြိမ် နိုင်ပွဲရခဲ့တာလို့ တစ်ယောက်ယောက်က လာပြောပြပါတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ဒါကို လုံးဝ မသိခဲ့ပါဘူး" လို့ ဆိုပါတယ်။
ဆက်လက်ပြီး ပရိသတ်တွေအနေနဲ့ အခုလိုသမိုင်းဝင်နိုင်ပွဲမျိုးကို ကိုယ်တိုင်မြင်တွေ့ခံစားခွင့်ရရှိခြင်းဟာ အလွန်ကောင်းမွန်တဲ့အတွေ့အကြုံဖြစ်တယ်လို့ ဂူဟီက မှတ်ချက်ပြုခဲ့ပါတယ်။
ခက်ခဲတဲ့ပွဲစဉ်တစ်ခုမှာ အသင်းသားအားလုံး ကြံ့ကြံ့ခံကစားနိုင်ခဲ့ကြခြင်းကိုလည်း ချီးကျူးခဲ့ပြီး လူတိုင်း အကောင်းဆုံးကြိုးစားခဲ့ကြတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။