ဘက်ခမ်းကို ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်စေချင်ကြောင်း ဖွင့်ဟလာတဲ့ ဝက်စ်ဘရောင်း
မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဝက်စ်ဘရောင်းက ကလပ်ဂန္ထဝင်ကစားသမား ဒေးဗစ်ဘက်ခမ်းအနေနဲ့ အသင်းကို ပိုင်ရှင်တစ်ဦးအဖြစ် ပြန်လည်တာဝန်ယူလာဖို့ ဆန္ဒရှိနေပြီး ဒါကို အပြည့်အဝထောက်ခံတယ်လို့ ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်အဖြစ် အောင်မြင်မှုတွေ ရရှိနေတဲ့ အင်္ဂလန်သူရဲကောင်း ဘက်ခမ်းအနေနဲ့ သူ့ရဲ့ကလပ်ဟောင်းကို ပြန်လည်ဝယ်ယူတာမျိုးဟာ ပုံပြင်ဆန်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။
ဘက်ခမ်းဟာ ၂၀၀၃ ခုနှစ်က နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် စတာလင်ပေါင် ၂၅ သန်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ယူနိုက်တက်ရဲ့ ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သလို ပရိသတ်အများစုကလည်း သူ့ကို အသင်းရဲ့ပိုင်ရှင်သစ်အဖြစ် ကြိုဆိုချင်နေကြတာပါ။
ဝက်စ်ဘရောင်းက ဘက်တင်းလောင်ချ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘက်ခမ်းအနေနဲ့ ယူနိုက်တက်ကိုပိုင်ရှင်အဖြစ် တာဝန်ယူတာဟာ အင်တာမိုင်ယာမီနဲ့ လုံးဝခြားနားတဲ့ စီမံကိန်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။
"ဘက်ခမ်းဟာ အင်တာမိုင်ယာမီမှာ အံ့အားသင့်စရာကောင်းအောင် လုပ်ဆောင်ပြထားပါတယ်။ သူဟာ ထိပ်တန်းကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့သလို အသင်းကို ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်လာအောင် ပြန်လည်တည်ဆောက်နေတာပါ။ ဒီနေရာမှာတော့ သူဟာ တကယ့်ကို ထူးချွန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ပြထားပါတယ်" လို့ ဝက်စ်ဘရောင်းက ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "မန်ချက်စတာယူနိုက်တက်ကတော့ အခြေအနေနည်းနည်းကွဲပြားပါတယ်။ အင်တာမိုင်ယာမီက ကမ္ဘာကသိအောင် ကြိုးစားနေရတဲ့ အသင်းသစ်တစ်သင်းဖြစ်ပေမဲ့ ယူနိုက်တက်ကတော့ ကမ္ဘာက သိပြီးသားအသင်းကြီးပါ" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ ဘက်ခမ်း ယူနိုက်တက်ကို ပိုင်ရှင်အဖြစ် ပြန်လာမယ်ဆိုတာ အိမ်မက်တစ်ခု တကယ်ဖြစ်လာတာမျိုးပါပဲ။ တကယ်လို့သာ အဲ့ဒီလိုဖြစ်လာခဲ့ရင် အကောင်းဆုံးဖြစ်မှာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ ဆာဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့လုပ်ငန်းဆောင်တာတွေနဲ့ တော်တော်လေး အလုပ်များနေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ဝက်စ်ဘရောင်းက ဖွင့်ဟခဲ့ပါတယ်။
လက်ရှိ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကရှယ်ယာရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုဟာ ပရိသတ်တွေရဲ့ မုန်းတီးမှုကို အကြီးအကျယ်ခံနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက ဂလေဇာတွေ အသင်းကနေ ထွက်ခွာသွားဖို့နဲ့ ပိုင်ရှင်အပြောင်းအလဲဖြစ်လာဖို့ကို အပြင်းအထန် လိုလားနေကြတာ ဖြစ်ပါတယ်။