The network connection is lost.

Banner Image

မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ဘာစီလိုနာပြောင်းရွှေ့မှု ဆုံးဖြတ်ချက်အပေါ် မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ချီးကျူးစကားဆို

ပြီးခဲ့တဲ့ နွေရာသီက မန်ချက်စတာယူနိုက်တက်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အခုအချိန်အထိ ဘာစီလိုနာမှာ အကောင်းဆုံး ရာသီတစ်ခုကို ဖြတ်သန်းနေပါတယ်။ ဥရောပ အင်အားကြီး နှစ်သင်းကြားမှာ အငှားစာချုပ်နဲ့ သဘောတူညီခဲ့တာဖြစ်ပြီး ၂၀၂၅-၂၆ ရာသီ မကုန်ခင်မှာ ဘာစီလိုနာဘက်က အပြီးသတ် ဝယ်ယူခွင့်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားထားရာမှာ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ပွဲထွက်ကစားသမားအဖြစ် အမြဲတမ်း မပါဝင်ရတာကို ထည့်တွက်ရင် ဒါဟာ တကယ့်ကို အားရစရာကောင်းတဲ့ ရလဒ်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူရို သန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူနိုင်ခွင့်က ဘာစီလိုနာအတွက် ပိုပြီး ဆွဲဆောင်မှုရှိလာနေတာကြောင့် သူ့ကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး မန်ယူနဲ့ ဆက်နွှယ်သူတွေဆီက ဝေဖန်သံအချို့ ထွက်ပေါ်နေပေမဲ့ နောက်ခံလူဟောင်း ဝက်စ်ဘရောင်းကတော့ သူ့ကို ထောက်ခံအားပေးနေပြီး ဒီရာသီကို အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

"မားကပ်စ်အတွက် ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်မယ်ဆိုရင်တော့ တကယ့်ကို ထူးခြားကောင်းမွန်မှာပါ။ သူဟာ ဂိုးတွေသွင်းယူနေတာတင်မကဘဲ ကွင်းထဲမှာလည်း အကောင်းဆုံး စွမ်းဆောင်နေပါတယ်။ အသင်းကလည်း သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြသလို အခုဆိုရင် အဓိက ဆုဖလားတွေရဖို့ အခြေအနေကောင်းတစ်ခုမှာ ရှိနေပါတယ်" လို့ ဘရောင်းက ပြောပါတယ်။

တကယ်လို့ ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို အပြီးသတ်မဝယ်ဖို့ ဆုံးဖြတ်ခဲ့ရင်လည်း အိုးထရက်ဖို့ဒ်မှာ သူ့ကို ဝမ်းမြောက်ဝမ်းသာ ပြန်လည်ကြိုဆိုကြလိမ့်မယ်လို့ ဘရောင်းက ယုံကြည်နေပါတယ်။

"ဒါက ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ ကျွန်တော့်အတွက်ကတော့ ဒါဟာ ဆက်ဆံရေးအပေါ်မှာပဲ မူတည်ပါတယ်။ ကစားသမား အများကြီးကို စိတ်ကျေနပ်အောင် ထားနိုင်ဖို့က အရေးကြီးပါတယ်။ ဒါက ကလပ်အသင်း ဖြေရှင်းရမယ့် နောက်ထပ်ကိစ္စတစ်ခုပေါ့။ တကယ်လို့ မားကပ်စ်ရက်ရှ်ဖို့ဒ်သာ ပြန်လာမယ်ဆိုရင် ဘယ်သူနဲ့မှ ပြဿနာရှိမှာမဟုတ်သလို သူ့ရဲ့ အရည်အချင်းအရ ကွင်းထဲမှာလည်း အဆင်ပြေမှာပါ"

"ရှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီရာသီကုန်မှာ သူ ယူနိုက်တက်ကို ပြန်လာဖြစ်မှာ မဟုတ်ပေမဲ့ တစ်ဖက်မှာလည်း သူ့ကို ကျွန်တော်တို့ လေးစားဖို့ လိုပါတယ်။ လူတွေက မားကပ်စ်ကို အဆင့်မြင့်မြင့် ခြေစွမ်းပြတာပဲ မြင်ချင်ကြတာပါ" လို့ ၎င်းက ဆိုပါတယ်။