The network connection is lost.

Banner Image

ဘာစီလိုနာဥက္ကဋ္ဌ ရွေးကောက်ပွဲပြန်ဝင်ဖို့ ရာထူးကနေနုတ်ထွက်သွားမယ့် ဂျိုအန်လာပေါ်တာ

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျိုအန်လာပေါ်တာဟာ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကလပ်အသင်းဘက်က တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။

အခုလို နုတ်ထွက်ရတာဟာ လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒီခြေလှမ်းဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။ လာပေါ်တာနဲ့အတူ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတချို့ဟာ ပြန်လည်အရွေးခံရဖို့အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေမှာ အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး ၉ ရက်နေ့နောက်ပိုင်းမှာတော့ ရာဖေးလ်ယုစတေး ဦးဆောင်တဲ့ အဖွဲ့ကအသင်းကို ဆက်လက်စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။

လာပေါ်တာဟာ အယ်လ်ဘာစီတီအသင်းနဲ့ ကစားမယ့် ကိုပါဒီရေး ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အသင်းနဲ့အတူ ခရီးသွားနေစဉ်အတွင်း အသင်းရဲ့ ရုပ်သံလိုင်းကနေတစ်ဆင့် အခုလို သတင်းစကားပါးခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ ဥပဒေစည်းမျဉ်းတွေအရ ရွေးကောက်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်လိုတဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ရာထူးကနေ နုတ်ထွက်ပေးရမှာဖြစ်လို့ အခုလို ဆောင်ရွက်ရတာဖြစ်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။
သူ့အနေနဲ့ အခုရွေးကောက်ပွဲအတွက် တက်ကြွမှုရှိသလို အကောင်းမြင်စိတ်လည်း အပြည့်ရှိနေပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စံနမူနာပြဖြစ်အောင် လုပ်ဆောင်သွားချင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဗစ်တာဖောင့်၊ မာ့ခ်ဆီရီယာ၊ ဇာဗီဗီလာဂျိုအာနာနဲ့ ဂျုန်းကမ်ပရူဘီမွန်တဲလ်တို့ကလည်း အသင်းဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲဝင်မယ့် လောင်းလျာတွေအနေနဲ့ သူတို့ရဲ့ တင်ပြချက်တွေကို အေးအေးချမ်းချမ်းနဲ့ သင့်တင့်လျောက်ပတ်စွာ တင်ပြစေလိုပြီး အသင်းသားတွေအနေနဲ့လည်း လာရောက် မဲပေးကြဖို့ လာပေါ်တာက တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို ပျော်ပွဲရွှင်ပွဲတစ်ခုလို အနှစ်သာရရှိစေချင်တယ်လို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို စပေါ်တီဖိုင်းကမ့်နူးကွင်းမှာ လက်ခံကျင်းပနိုင်ဖို့ ကြိုးပမ်းနေတာနဲ့ ပတ်သက်လို့လည်း လာပေါ်တာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာလည်း အသင်းအတွက် လိုအပ်တဲ့ဆုံးဖြတ်ချက်တွေကို ဆက်လက်ချမှတ်သွားမှာဖြစ်ပြီး ဘာစီလိုနာအသင်း ကိုယ်တိုင်ပါဝင်ကစားခွင့်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အိမ်ကွင်းမှာ ကျင်းပခွင့်ရဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။