မက်ဒရစ်ဒါဘီရှုံးနိမ့်မှုအပြီး ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ မော်ရင်ဟို
မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့၊ မက်ဒရစ်ဒါဘီလာလီဂါပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်နည်းပြမော်ရင်ဟိုက ဒိုင်လူကြီးတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဒေါသတကြီး ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။
မော်ရင်ဟိုရဲ့အသင်းအတွက် ပွဲချိန် ၅၂ မိနစ်၊ ဟူဂျ်ဆန်ရဲ့တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ကြောင့် ပြိုင်ပွဲချိန်ခွင်လျှာ အလှည့်အပြောင်းဖြစ်သွားတယ်လို့ ယူဆချင်စရာ ရှိပါတယ်။
ဒီအနီကတ်ပြစ်ဒဏ်မှတဆင့် ရရှိလာတဲ့ ပင်နယ်တီကို ဂရီမယ်လ်ဒိုက အဆုံးသတ်ပြီး အက်သလက်တီကိုမက်ဒရစ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သလို ခြောက်မိနစ်အကြာမှာပဲ ဂျိုနသန်ဒေးဗစ်က ဒုတိယမြောက်ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။
ပွဲချိန်နှောင်းပိုင်းမှာ ရူဒီဂါရဲ့ဗွေဆော်ဦးချေပဂိုး ပေါ်ပေါက်လာပေမဲ့ ရီးရဲလ်မက်ဒရစ်အတွက် မလုံလောက်ခဲ့ဘဲ လာလီဂါခုနစ်ပွဲကစားပြီးချိန် ငါးပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်ဖြင့် အမှတ်ပေးဇယားစတုတ္ထနေရာဆီ ရောက်ရှိသွားပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မော်ရင်ဟိုက အခုလိုအရေးကြီးပွဲစဉ်တစ်ခုအတွက် အသက် ၄၁ နှစ်အရွယ်ဒိုင်လူကြီးတစ်ဦးဆီ တာဝန်ပေးအပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် မယုံကြည်နိုင်လောက်အောင် ဖြစ်ရတယ်လို့ ထုံးစံအတိုင်း စိတ်အားထက်သန်စွာ ဝေဖန်ပြောဆိုခဲ့ပါတယ်။
မော်ရင်ဟိုက "ဒီဒိုင်လူကြီးမှာ ဒါဘီပွဲစဉ်တစ်ခုကို ကိုင်တွယ်နိုင်မယ့် အတွေ့အကြုံမျိုး မရှိပါဘူး။ သူ့ရဲ့အသက် ၄၁ နှစ် ရှိပါပြီ။ အောက်တန်းလိဂ်ပွဲငယ်လေးတွေလောက်ပဲ ကိုင်တွယ်ဖူးတဲ့ အရည်အသွေးနိမ့် ဒိုင်လူကြီးတစ်ဦးပါ" လို့ ပြောပါတယ်။
"ဒီလို တာဝန်ပေးအပ်ခဲ့မှုအတွက် ဒိုင်လူကြီးကော်မတီကို ဂုဏ်ပြုလိုက်ပါတယ်။ ဒါပေမဲ့ မစ္စတာထရူဟီယိုမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းတွေ ရှိထားဖူးပါတယ်။ ဖလားပြိုင်ပွဲမှာရော၊ ဂျီရိုနာ၊ အိုဆာဆူနာတို့နဲ့ ပွဲစဉ်တွေမှာပါ ဖြစ်ခဲ့ဖူးပါတယ်။ သူက သမိုင်းကြောင်းတွေ အများကြီးရှိတဲ့ VAR ဒိုင်လူကြီးတစ်ဦးပါ"လို့ မော်ရင်ဟိုက ဆက်ပြောပါတယ်။
ဒါ့အပြင် ပေါ်တူဂီလူမျိုးနည်ပြက သူ့အသင်းအတွက် ကွင်းတွင်းပြိုင်ဘက်တင်မက အခြားအရာတွေနဲ့ပါ ပိုမိုယှဉ်ပြိုင်တိုက်ခိုက်နေရတယ်လို့ ယုံကြည်နေပါတယ်။
"အကယ်၍ သူတို့သာ ကျွန်တော်တို့ကို တန်းတူညီမျှယှဉ်ပြိုင်ခွင့်ပေးမယ်ဆိုရင် ကျွန်တော်တို့ ဘာမဆိုလုပ်နိုင်ပါတယ်။ ဒါက ကြိုတင်စီစဉ်ထားတဲ့ မတရားမှုလို့တော့ မပြောချင်ပါဘူး။ သူတို့တွေ ဆုံးဖြတ်ချက် မှားယွင်းသွားတာလို့ပဲ ကျွန်တော် ယုံကြည်ချင်ပါတယ်" လို့ မော်ရင်ဟိုက ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။
"အသက် ၄၁ နှစ်အရွယ် ဒိုင်လူကြီးတစ်ဦးကို တာဝန်ပေးအပ်ခဲ့တဲ့ ကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ ရီးရဲလ်မက်ဒရစ်အပေါ် သမိုင်းဆိုးတွေ ရှိခဲ့ဖူးတဲ့ နောက်ထပ်ဒိုင်တစ်ဦးကို တာဝန်ပေးအပ်တယ်ဆိုတာ အမှားအယွင်းတစ်ခု ကျူးလွန်လိုက်တာပါပဲ" လို့ ဆိုပါတယ်။