The network connection is lost.

Banner Image

ဒဏ်ရာအကျပ်အတည်းအတွက် အသင်းအကြီးအကဲတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ တော့တင်ဟမ်ကပ္ပတိန်ရိုမဲရိုး

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ မန်စီးတီးနဲ့ တဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး တော့တင်ဟမ်ကပ္ပတိန်ရိုမဲရိုးက အသင်းရဲ့ကစားသမားအင်အားဖြည့်တင်းမှုအားနည်းချက်တွေကို လူမှုကွန်ရက်မှတစ်ဆင့် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်မှာ တော့တင်ဟမ်က ပထမပိုင်းပွဲချိန်အပြီး ပက်ဂွါဒီယိုလာရဲ့အသင်းကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန်တွေမှာ ဆိုလန်ကီရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ အိမ်ကွင်းသရေတစ်မှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။

လတ်တလောမှာ တော့တင်ဟမ်က ဒဏ်ရာပြဿနာအကျပ်အတည်းနဲ့ ဆိုးဆိုးရွားရွားရင်ဆိုင်နေရပြီး အဓိကကစားသမားကိုးဦးလောက်အထိ လက်လွှတ်ထားရပါတယ်။

အသက်-၂၇ နှစ်အရွယ်တော့တင်ဟမ်အသင်းခေါင်းဆောင်ကိုယ်တိုင်လည်း မန်စီးတီးနဲ့ပွဲစဉ်၊ ပထမပိုင်းပွဲချိန်အပြီး လူစားလဲလှယ်ခဲ့ရပြီး သူ့နေရာမှာ ကွင်းလယ်လူပါပေးဆား ဝင်ရောက်ကစားခဲ့ပါတယ်။

အခုလိုဒဏ်ရာပြဿနာအကျပ်အတည်းနဲ့ရင်ဆိုင်နေရပေမယ့် တော့တင်ဟမ်အကြီးအကဲတွေက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဂလယ်ဟာနဲ့ လူငယ်ခံစစ်အစွန်ကစားသမားဆူဇာတို့ကိုသာ အသင်းဆီ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

အသင်းရဲ့လက်ရှိအခြေအနေအပေါ် စိတ်ပျက်နေတဲ့ ရိုမဲရိုးက အသင်းအကြီးအကဲတွေကိုရည်ရွယ်ကာ သူ့ရဲ့ခံစားချက်တွေကို အင်စတာဂရမ်စာမျက်နှာမှတဆင့် ပွင့်ပွင့်လင်းလင်းချပြသွားခဲ့ပါတယ်။ရိုမဲရိုးက " ယမန်နေ့ပွဲစဉ်မှာ ကျွန်တော့်ရဲ့အသင်းဖော်တွေအားလုံး အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ သူတို့တွေက တကယ့်ကို အံ့မခန်းလောက်စရာကောင်းအောင် စွမ်းဆောင်ခဲ့ကြပါတယ်။

အထူးသဖြင့် ကျွန်တော်တို့အသင်းမှာ ပွဲကစားပေးနိုင်တဲ့ကစားသမား ၁၁ ဦးပဲ ကျန်ရှိနေလို့ ကျွန်တော်ကိုယ်တိုင် နေမကောင်းဖြစ်နေတာတောင် သူတို့ကို ကူညီပေးချင်ခဲ့ပါတယ်။ ဒါက ယုံကြည်ဖို့ခက်ခဲတယ်ဆိုပေမယ့် အမှန်တရားဖြစ်သလို ရှက်ဖို့လည်း ကောင်းပါတယ်။

ဒီအခြေအနေတွေကို ပြောင်းလဲပစ်နိုင်ဖို့ ကျွန်တော်တို့အားလုံး တာဝန်ယူမှုရှိရှိနဲ့ အတူတကွ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်သွားပါမယ်။

တော့တင်ဟမ်အသင်းနဲ့ ကျွန်တော်တို့ကို အစဉ်အမြဲအားပေးထောက်ခံနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်"လို့ ပြောပါတယ်။