The network connection is lost.

Banner Image

ယူနိုက်တက်နည်းပြရာထူးအတွက် အပြိုင်ဖြစ်ခဲ့ပေမဲ့ ဆိုးလ်ရှားက သူ့ကို အပြည့်အဝ ထောက်ခံနေတယ်လို့ မိုက်ကယ်ကာရစ် ဖွင့်ဟ

မန်ချက်စတာယူနိုက်တက်နည်းပြသစ် မိုက်ကယ်ကာရစ်က နည်းပြရာထူး ခန့်အပ်ခံရမှုနဲ့ ပတ်သက်ပြီး နည်းပြဟောင်း ဆိုးလ်ရှားနဲ့ စကားပြောဖြစ်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြ ရူဘင် အမော်ရင်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက်မှာ ဆိုးလ်ရှားကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ မိုက်ကယ်ကာရစ်ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ဆိုးလ်ရှား ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူစဉ်ကလည်း နည်းပြအဖွဲ့ဝင်အဖြစ် အတူတူ အလုပ်လုပ်ခဲ့ဖူးသလို သူတို့နှစ်ဦးကြားမှာ ရင်းနှီးတဲ့ သူငယ်ချင်း သံယောဇဉ်လည်း ရှိနေပါတယ်။ 
ကာရစ်က"သူနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ ကျွန်တော်တို့က အရမ်းရင်းနှီးသလို အခက်အခဲတွေကိုလည်း အတူတူ အများကြီး ဖြတ်ကျော်ခဲ့ကြတာပါ။ သူက ကျွန်တော့်ကို အပြည့်အဝ ထောက်ခံပေးထားသလို မန်ချက်စတာဒါဘီပွဲမှာ အနိုင်ရခဲ့တဲ့အတွက်လည်း သူ အရမ်းဝမ်းသာနေပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် လိုအပ်လာရင် ဆိုးလ်ရှားဆီကနေ အကြံဉာဏ်တွေ တောင်းယူသွားမယ်လို့လည်း ကာရစ်က ဖြည့်စွက်ပြောခဲ့ပါတယ်။ "ကျွန်တော့်မှာ အကြံဉာဏ်တောင်းလို့ရတဲ့ သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော်က လူတွေကို သိပ်ပြီး အနှောင့်အယှက် မပေးချင်ပေမဲ့ လိုအပ်လာရင်တော့ သူက အမြဲတမ်း အဆင်သင့် ရှိနေမှာပါ" လို့ ကာရစ်ကဆိုပါတယ်။
ယူနိုက်တက်အသင်းဟာ ယနေ့ညမှာတော့ ပွဲကြီးပွဲကောင်းအဖြစ် အာဆင်နယ်နဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။