ပြီးခဲ့တဲ့ရာသီက အိုနာနာအပေါ် တမင်သက်သက်ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟလာတဲ့ မာတစ်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း နီမန်ဂျာမာတစ်က သူဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်မှာကစားနေစဉ်အတွင်း ယူနိုက်တက်မှာကစားနေတဲ့ အန်ဒရေအိုနာနာနဲ့ ထိပ်တိုက်တွေ့ဆံခဲ့စဉ်က တမင်သက်သက်ဖိအားပေးတဲ့အနေနဲ့ အိုနာနာဟာ ယူနိုက်တက်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံးဂိုးသမားဖြစ်တယ်လို့ ဝေဖန်ခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
ယူနိုက်တက်နဲ့ လိုင်ယွန်တို့ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး မာတစ်က အိုနာနာကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့သလို၊ အိုနာနာကလည်း "ကျွန်တော်က ယူနိုက်တက်မှာ ဆုဖလားတော့ရအောင်ယူနိုင်ခဲ့တယ်" လို့ပြန်လည်တုံ့ပြန်ခဲ့တာကြာင့် မီဒီယာတွေကြားမှာဟိုလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။
ယခုအခါမှာတော့ ဆက်ဆူအိုလိုမှာကစားနေတဲ့ မာတစ်က သူဟာ ထိုစဉ်က အိုနာနာအပေါ်ဖိအားများသွားစေရန် တမင်သက်သက်ဝေဖန်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ မာတစ်က "အဲဒီတုန်းက ပွဲမတိုင်ခင်မှာ သူက တော်တော်လေး မာနထောင်လွှားနေပြီး ယူနိုက်တက်က လိုင်ယွန်ထက်အများကြီးပိုသာတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်လိုအဆင့်မှာ ဒီလိုမပြောသင့်ဘူးလို့ထင်လို့ ကျွန်တော်သူ့ကို ဖိအားပေးခဲ့တာပါ"
"ဒါကြောင့်ပဲ သူပွဲထဲမှာ အမှားတွေလုပ်ခဲ့မိပါတယ်။ တကယ်တော့ သူကဂိုးသမားကောင်းတစ်ယောက်ပါ။ အေဂျက်စ်နဲ့ အင်တာမီလန်တို့မှာ တကယ်ပဲထူးချွန်ပြောင်မြောက်ခဲ့ပါတယ်။ ယူနိုက်တက်မှာဆိုရင်လည်း သူဒီထက်ပိုကောင်းနိုင်ခဲ့ပေမယ့် အသင်းရဲ့အခြေအနေတွေအရ သူ့အပေါ်ဖိအားတွေအများကြီးရှိနေခဲ့ပါတယ်။ တကယ်တော့ သူက ယူနိုက်တက်ရဲ့အညံ့ဖျင်းဆုံးဂိုးသမားမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်၊ ကိုဘီမိုင်နူး၊ ဟယ်ရီမက်ဂွါရီတို့ရဲ့ဂိုးတွေနဲ့ လိုင်ယွန်ကိုအနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အိုနာနာကတော့ အဆိုပါအငြင်းပွားမှုတွေအပြီး မကြာမီမှာပဲ ယူနိုက်တက်မှထွက်ခွာခဲ့ပြီး တူရကီကလပ် ထရက်ဇွန်စပေါသို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။