အီကီတီကီကို ချီးကျူးဂုဏ်ပြုပြီး အကောင်းဆုံးအရာတွေ မရောက်ရှိလာသေးဘူးလို့ ဆိုလိုက်တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က အရန်တိုက်စစ်မှူးဘဝမှ အသင်းအားထားရတဲ့ ဂိုးသွင်းစက်အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ အီကီတီကီကို ချီကျူးဂုဏ်ပြုခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးက ပရီးမီးယားလိဂ်ရေဆန်လမ်းမှာ ကြိုးကြာနီတွေကို အကောင်းဆုံးဦးဆောင်ပေးနေပါတယ်။
လက်ရှိချန်ပီယံတွေက ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၉ ပွဲအထိရှုံးနိမ့်မှုနဲ့အတူ အိပ်မက်ဆိုးတွေကို ရင်ဆိုင်ခဲ့ရပေမယ့် အီကီတီကီရဲ့လိဂ်သွင်းဂိုး ရှစ်ဂိုးနဲ့အတူ အမှတ်ပေးဇယားထိပ်ပိုင်းဆီ ပြန်လည်တက်လှမ်းလာခဲ့ပါတယ်။ အီကီတီကီက နောက်ဆုံးသုံးပွဲမှာ ငါးဂိုးအထိ သွင်းယူခဲ့ပါတယ်။
စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အီဆက်ခ်ရောက်ရှိလာမှုက အသက်-၂၃ နှစ်အရွယ်ကစားသမားရဲ့ နွေရာသီကာလအပြောင်းအရွှေ့ကို လွှမ်းမိုးထားခဲ့ပါတယ်။ ဒါပေမဲ့ ဆွီဒင်တိုက်စစ်မှူးရဲ့ခြေထောက်အရိုးကျိုးဒဏ်ရာအပြင် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆီ မိုဆာလက် ရောက်ရှိနေခြင်းကြောင့် အီကီတီကီက မရှိမဖြစ်လိုအပ်တဲ့ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
အမှတ်ပေးဇယားအောက်ခြေရှိ ဝုဗ်နဲ့ရင်ဆိုင်ရမယ့် စနေနေ့ပွဲစဉ်မတိုင်ခင် အန်းစလော့က “ အီကီတီကီဟာ အခုလိုကြံံခိုင်မှုအခြေအနေမျိုးဆီရောက်ရှိအောင် အများကြီးကြိုးစားခဲ့ပါတယ်။
တခါတလေ ကျွန်တော်တို့အားလုံး ပိုပြီးအားကောင်းလာစေဖို့ ဒီလိုကိစ္စတွေ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို ယုံကြည်အောင် လုပ်ဆောင်ခဲ့ရပေမယ့် သူကိုယ်တိုင်လည်း အပြုံးမပျက်ဘဲ အမြဲတမ်းကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းတွင်းကွင်းပြင် ကြံ့ခိုင်မှုပိုကောင်းလာအောင် အီကီတီကီကိုယ်တိုင် အပြင်းအထန်ကြိုးပမ်းခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်းစလော့က အလွတ်တည်ကန်ဘောတွေမှာ သူ့ရဲ့တိုက်စစ်မှူးကို ခံစစ်တာဝန်ယူတတ်စေဖို့ အတော်လေးဆွဲဆောင်ခဲ့ရတယ်လို့ ဝန်ခံပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက “ အီကီတီကီကိုစည်းရုံးနိုင်ဖို့ အတော်လေးကြိုးစားခဲ့ပါတယ်။ အလွတ်တည်ကန်ဘောကို ကာကွယ်နိုင်စွမ်းမြင့်လေလေ၊ တဖက်မှာ ဂိုးသွင်းနိုင်စွမ်းမြင့်မားလေလေပါပဲ။ ဘာကြောင့်လဲဆိုတော့ ၁-၀ ဂိုးနဲ့ရှုံးနိမ့်နေချိန်ထက် ဂိုးမရှိသရေကျနေချိန်မှာ ဂိုးသွင်းယူဖို့ဆိုတာ ပိုမိုလွယ်ကူလို့ပါပဲ။
ဒါက ထူးဆန်းကောင်းထူးဆန်းနိုင်ပေမယ့် တဖက်ပြိုင်ဘက်အသင်းရဲ့ခွန်အားအဆင့်အတန်းနဲ့လည်း သက်ဆိုင်ပါတယ်။ အီကီတီကီအပါအဝင် ကျွန်တော်တို့အသင်း ဂိုးသွင်းယူနိုင်ဖို့အတွက် အလွတ်တည်ကန်ဘောမှတဆင့် ဂိုးမပေးထားရဖို့ဆိုတာလည်း အလွန်အရေးကြီးပါတယ်။
အခုတော့ သူက ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အစီအစဉ်မှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ အီကီတီကီက ကျွန်တော်တို့မှာရှိနေတဲ့ တစ်ဦးတည်းသောလက်ကျန်အထောင်တိုက်စစ်မှူး ဖြစ်ပါတယ်။ ချီယေဆာလည်း အထောင်တိုက်စစ်နေရာမှာ အကောင်းဆုံးကစားနိုင်ပါတယ်”လို့ ဆက်ပြောပါတယ်။
လီဗာပူးက အလွတ်တည်ကန်ဘောမှတဆင့် သုံးဂိုးသာ သွင်းယူထားနိုင်ကာ ၁၁ ဂိုးအထိ ခွင့်ပြုပေးထားရလို့ အတော်လေးရုန်းကန်နေရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အန်းစလော့ကတော့ စိတ်အနှောင့်အယှက်မဖြစ်နေပါဘူး။
လီဗာပူးနည်းပြက “ ကျွန်တော်တို့ခေါ်ယူထားတဲ့ကစားသမားတွေသာမက နွေရာသီပြင်ဆင်မှုလွဲချော်သူတွေပါ ကြံ့ခိုင်မှုပိုင်း ပိုမိုကောင်းမွန်လာပါတယ်။ သူတို့အချင်းချင်းလည်း တဖြည်းဖြည်းနဲ့ အသားကျလာကြပါပြီ။ ဒီအသင်းအတွက် အကောင်းဆုံးသောအရာတွေ ရှိလာဦးမယ်လို့ ထင်ပါတယ်။
ပထမရာသီဝက်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့အသင်း ရောက်ရှိနေတဲ့နေရာကို အံ့သြမိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့အလွတ်တည်ကန်ဘောမျှခြေကို ကြည့်လိုက်မယ်ဆိုရင် အလွတ်တည်ကန်ဘောအပိုင်းမှာ -၈(အနုတ်ရှစ်)အထိ ပြသပြီး အမှတ်ပေးဇယားရဲ့ပူးတွဲစတုတ္ထနေရာမှာ ရပ်တည်နိုင်တဲ့အသင်းမျိုး ကမ္ဘာပေါ်မှာ မရှိသေးပါဘူး”လို့ ပြောပါတယ်။