မိုင်နူးအစ်ကိုရဲ့ လုပ်ရပ်က အသင်းအတွက်အကျိုးသက်ရောက်မှုဖြစ်မှာမဟုတ်ကြောင်း ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းရဲ့ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ ပွဲထွက်ခွင့်မရတာကြောင့် ကစားသမားရဲ့အစ်ကိုဖြစ်သူက "မိုင်နူးကို အသင်းမှထွက်ခွာခွင့်ပြုပါ" ဆိုတဲ့စာသားပါအင်္ကျီကိုဝတ်ဆင်ပြီး တုံ့ပြန်ခဲ့ပေမယ့် အဆိုပါလုပ်ရပ်ဟာ အသင်းအတွက်တစ်စုံတစ်ရာအကျိုးသက်ရောက်မှုရှိမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဘုန်းမောက်ကို ၄-၄ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိုင်နူးရဲ့အစ်ကိုဖြစ်သူ ဂျော်ဒန်မိုင်နူးဟာ သူ့ရဲ့ညီပွဲထွက်ကစားခွင့်နည်းပါးနေတာကြောင့် ပွဲမထုတ်တဲ့နည်းပြ အာမိုရင်ကိုဆန့်ကျင်တဲ့အနေနဲ့ မိုင်နူးကို လွတ်လပ်ခွင့်ပေးပါဆိုတဲ့ စာသားပါ အင်္ကျီကိုဝတ်ဆင်ပြီး အားပေးခဲ့ပါတယ်။
သို့သော်လည်း ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "ဒီအင်္ကျီကိုဝတ်ဆင်ခဲ့တာ မိုင်နူးကိုယ်တိုင်မဟုတ်ပါဘူး။ ဒီအင်္ကျီကိုသူဝတ်ခဲ့ရင်လည်း ကျွန်တော်သူ့ကိုပွဲထွက်ခွင့်ပေးမှာမဟုတ်သလို၊ အရန်ခုံမှာပဲဆက်ပြီး ထိုင်ခိုင်းမှာလည်းမဟုတ်ပါဘူး။ ဒါက ကျွန်တော့်အတွက် ဘာမှအကျိုးသက်ရောက်မှုမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာမိုရင်က သူ့အနေနဲ့ သင့်တော်တဲ့အချိန်ကိုစောင့်ဆိုင်းပြီး မိုင်နူးကိုပွဲထွက်ကစားခွင့်ပြုမှာဖြစ်ကြောင်းနဲ့ မိုင်နူးအစ်ကိုရဲ့လုပ်ရပ်ကြောင့် မိုင်နူးကို အပြစ်ပေးမှာမဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
စီနီယာကစားသမားဘဝ တတိယမြောက်ရာသီကိုဖြတ်သန်းနေတဲ့ ယူနိုက်တက်အကယ်ဒမီထွက် မိုင်နူးဟာ ဒီရာသီမှာအသင်းအတွက် စုစုပေါင်း ၁၂ ပွဲကစားထားရပေမယ့် အရန်အဖြစ်သာပါဝင်နေရလို့ ကစားချိန်က ၃၀၂ မိနစ်သာရှိပါသေးတယ်။ မိုင်နူးဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ၁၂ ပွဲအထိ ပါဝင်ကစားခွင့်ရထားသူလည်းဖြစ်ပါတယ်။