
ဂျာမန်မြေမှာ တိုက်စစ်အစွမ်းပြမှုနဲ့အတူ ဂိုးပြတ်နိုင်ပွဲရယူခဲ့တဲ့ လီဗာပူး
ဖရန့်ဖတ် ၁-၅ လီဗာပူး (ပွဲပြီးရလဒ်)
ဂျာမနီမြေမှာကစားခဲ့တဲ့ အခုပွဲစဉ်အတွင်း လီဗာပူးက ပြိုင်ဘက်ကို သိသိသာသာလွှမ်းမိုးကာ အသာစီးရယူကစားပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကိုတော့ ပွဲချိန်နာရီဝက်မပြည့်ခင်မှာပဲ ဖရန့်ဖတ်အတွက် ခရစ္စတန်ဆန်က သွင်းယူခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရချိန် လီဗာပူးတို့တိုက်စစ်မြှင့်ကစားလာခဲ့ပြီး ပထမပိုင်းပွဲချိန်မပြီးဆုံးခင် အီကီတီကီ၊ ဗန်ဒိုက်၊ ကိုနာတေးတို့က ဧည့်သည်တွေအတွက် အဖိုးတန်သွင်းဂိုးတွေ ရှာဖွေပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာလည်း အခုပွဲစဉ်တလျှောက်လုံးခြေစွမ်းပြနေသူနှစ်ဦးဖြစ်တဲ့ ဂတ်ပိုနဲ့ ဆိုဘိုဆလိုင်းတို့က လီဗာပူးအတွက် နောက်ထပ်သွင်းဂိုးတွေကို ရယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်ထားတဲ့ အန်းစလော့ရဲ့အသင်း ဖိအားအနည်းငယ်လျော့ကျသွားခဲ့ပါတယ်။