
ဘာပေရဲ့ခြေကျင်းဝတ်ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ရီးရဲလ်
ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပေမယ့် ဘာပေတစ်ယောက် လာမယ့်ပြင်သစ်အသင်းရဲ့နိုင်ငံပွဲစဉ်တွေမှာ ပါဝင်နိုင်လိမ့်မယ်လို့ ရီးရဲလ်အသင်းက ပြောကြားလိုက်ပါတယ်။
အသက် ၂၆ နှစ်သားဟာ ညာဘက်ခြေကျင်းဝတ်ဒဏ်ရာရပြီး လူစားမလဲခင် အသင်းအတွက် တတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။
ဘာပေဒဏ်ရာအခြေအနေက ပြင်းထန်နိုင်ချေများနေပြီး ဂိုးသွင်းပြီးနောက်သိပ်မကြာခင်မှာတင် ဆေးကုသမှုခံယူခဲ့ရကာ အဲ့နောက် ရိုဒရီဂိုနဲ့ လူစားလဲခံလိုက်ရပါတယ်။
ဒါပေမယ့်လည်း သတင်းထောက် ဆာဂျီယိုကတော့ ပွဲအတွင်းပြောကြားချက်မှာ “ဘာပေအခြေအနေက အရမ်းမဆိုးဝါးပါဘူး။ သာမန်ဒဏ်ရာလောက်သာဖြစ်ပြီး အဆင်ပြေပါတယ်။ သူပြင်သစ်နဲ့ပူးပေါင်းနိုင်လောက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပွဲအပြီးအင်တာဗျူးမှာလည်း အလွန်ဆိုက ဘာပေကို နိုင်ငံအသင်းထံစေလွှတ်နိုင်ချေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာပေရဲ့ဒဏ်ရာအခြေအနေ နဲ့ မူစတန်တူနိုတို့ဒဏ်ရာအခြေအနေကိုတော့ အတိအကျမပြောခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ဘာပေ ဒါမှမဟုတ် ဖရန်ကိုတို့ နိုင်ငံအသင်းနဲ့ မပါဝင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒဏ်ရာပြဿနာမကြီးမားဖို့တော့ မျှော်လင့်ပါတယ်။ အခုချိန်မှာ ကျွန်တော်ဘာမှမပြောနိုင်သေးပါဘူး။
ဘာပေအခြေအနေက ခြေကျင်းဝတ်အဆင်မပြေခဲ့တာပါ။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်။ ဖရန်ကိုကတော့ တံကောက်ကြောဒဏ်ရာရခဲ့တာပါ။ နိုင်ငံအသင်းနဲ့အတူ သူတို့ဘယ်လောက်တိုးတက်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
ဘာပေဟာ ဒီရာသီရီးရဲလ်အတွက် ၁၀ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး မာဆေးလ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ၂ ဂိုးစလုံးသွင်းယူထားနိုင်ခဲ့ပါတယ်။
အလွန်ဆိုလက်အောက်မှာ ရီးရဲလ်အသင်းဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး တီကိုအသင်းကို ၅-၂ နဲ့ အရေးနိမ့်ခဲ့တဲ့တစ်ပွဲသာရှိနေပါတယ်။
ဘာပေဒဏ်ရာကြောင့်မပါဝင်နိုင်ရင်တောင် ဒက်စ်ချမ့်အနေနဲ့ ရွေးချယ်စရာတွေရှိနေပြီး မာတီတာ ၊ အက်ကီတီကီ ၊ အိုလစ်ဆီ နဲ့ ကိုးလ်မန်းတို့ရှိနေပါတယ်။
ဒါပေမယ့်လည်း လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ အကောင်းဆုံးကစားသမားတွေကိုသာ ခေါ်ယူချင်နေပါတယ်။
ပြင်သစ်ဟာ အိုက်စလန် ၊ ယူကရိန်းတို့ကိုအနိုင်ရရှိထားကာ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပြီး လာမယ့်သောကြာနေ့မှာ အဇာဘိုင်ဂျန် ၊ အောက်တိုဘာ ၁၃ ရက်နေ့မှာ အိုက်စ်လန်တို့နဲ့ ကစားရမှာဖြစ်ပါတယ်။