
ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဗော့တမာဒါကို ဟိုဝီချီးကျူး
နယူးကာဆယ်တိုက်စစ်မှူးသစ် နစ်ခ်ဗော့တမာဒါဟာ စနေနေ့ညက ဝုဗ်နဲ့ပွဲစဉ်မှာ ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့ပြီး အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ နည်းပြအက်ဒီဟိုဝီက ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
အသင်းရဲ့အဖိုးတန်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ခ်ကို လီဗာပူးထံ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ရောင်းချထားခဲ့ရတဲ့ နယူးကာဆယ်အတွက် ဗော့တမာဒါဟာ ပွဲဦးထွက်မှာပဲဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေအတွက်လည်း အားရကျေနပ်စရာဖြစ်စေခဲ့ပါတယ်။
ပေါင် ၆၉ သန်းတန် ဗော့တမာဒါဟာ ကစားသမားဘဝ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ကို စတင်ကစားခွင့်ရဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့ပြီး အရေးပါတဲ့တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲကစားချိန် ၂၉ မိနစ်မှာပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အက်ဒီဟိုဝီက "ဒီပွဲက ဗော့တမာဒါရဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဒီနေ့ သူကစားခဲ့တဲ့ပုံစံကို ကျွန်တော်အရမ်းကျေနပ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အရည်အသွေးတွေက ချီးကျူးစရာပါ။ ပြိုင်ဘက်ဂိုးဧရိယာထဲမှာအမြဲတမ်းရှိနေပြီး ဂိုးသွင်းဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ သူ့ရဲ့ အဆုံးသတ်မှုကလည်း ချီးကျူးစရာပါ။ အရမ်းလည်း နှိမ့်ချတတ်တဲ့ကောင်လေးပါ။ ဒီပွဲက သူ့အတွက် အစကောင်းစေခဲ့တယ်လို့ဆိုရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဗော့တမာဒါအနေနဲ့လည်း သူ့ရဲ့အစွမ်းအစကို ပွဲဦးထွက်မှာပဲပြသနိုင်ခဲ့တာဖြစ်ပြီး အီဆက်ခ်ရဲ့နေရာမှာ ဆက်ခံနိုင်မယ့် တိုက်စစ်မှူးသစ်ဖြစ်ကြောင်း သင်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ကစားသမားဟာ နယူးကာဆယ်ရဲ့တိုက်စစ်ပိုင်းကို အတော်လေးအကူအညီပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ နယူးကာဆယ်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဗော့တမာဒါတစ်ယောက် သွင်းဂိုးတွေဆက်လက်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။