
လိုင်ယွန်ကိုအနိုင်ရဖို့ ပရီးမီးယားလိဂ်မှာ စွန့်စားမှုယူခဲ့ရတယ်လို့ အာမိုရင် ဖွင့်ဟ
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လိုင်ယွန်ကို အနိုင်ယူဖို့အတွက် နယူးကာဆယ်ကိုရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စွန့်စားမှုယူခဲ့ရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
သောကြာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ယူနိုက်တက်ဟာ လိုင်ယွန်ကို ၂-၄ နဲ့ရှုံးနိမ့်နေခဲ့ရာမှ ၅-၄ နဲ့ပြန်လည်အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၇-၆ နဲ့ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပေမယ့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာတော့ အဆင့် ၁၄ နေရာမှာသာရပ်တည်ထားနိုင်ပြီး ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ သို့သော်လည်း နည်းပြအာမိုရင်ကတော့ သူဟာ ပရီးမီးယားလိဂ်ထက်ယူရိုပါလိဂ်မှာသာ ပိုမိုအာရုံစိုက်ထားကြောင်းဝန်ခံလာခဲ့ပြီး နယူးကာဆယ်ကို ၄-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကစားသမားအချို့ကို အနားပေးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။
လိုင်ယွန်ကိုအနိုင်ရပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “ကျွန်တော်တို့ ယူရိုပါလိဂ်မှာပဲ တကယ်အာရုံစိုက်နေခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ စွန့်စားမှုတွေယူခဲ့ရပါတယ်။ ပရိသတ်တွေအနေနဲ့ ဒါကိုနားလည်နိုင်ဖို့ခက်ခဲမှာဖြစ်ပေမယ့် ကျွန်တော်တို့ကတော့ ယူရိုပါလိဂ်မှာပဲ အာရုံစိုက်ဖို့လိုအပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လိုင်ယွန်ကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရတဲ့ပွဲစဉ်က ယူနိုက်တက်ကစားသမားတွေအတွက် ယုံကြည်မှုတွေမြင့်တက်စေနိုင်ကြောင်းကိုလည်း ပေါ်တူဂီသားနည်းပြက “ကျွန်တော်တို့အရာရာကိုပြောင်းလဲနိုင်တယ်ဆိုတာ အဲဒီအခိုက်အတန့်မှာသိခဲ့ရပါတယ်။ ကစားသမားတွေအနေနဲ့လည်း ဒီပွဲကနေ ယုံကြည်မှုတွေ ပိုမိုရရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ဒီကွင်းကြီးထဲမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ မက်ဂွါရီနဲ့ မိုင်နူးတို့ဂိုးတွေကို အောင်ပွဲခံတဲ့ ပရိသတ်တွေရဲ့အသံက ကျွန်တော်ကြားဖူးသမျှထဲမှာ နားထောင်လို့အကောင်းဆုံးအသံပါပဲ” လို့ပြောကြားခဲ့ပါတယ်။