မိုဆာလက်ရဲ့ပယ်နယ်တီသွင်းဂိုးဖြင့် ချန်ပီယံလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့တဲ့ လီဗာပူး
ဂျီရိုနာ ဝ-၁ လီဗာပူး (ပွဲပြီးရလဒ်)
စပိန်မြေ၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ အိမ်ရှင်ဂျီရိုနာနဲ့ ဧည့်သည်လီဗာပူးတို့ တစ်ဖက်နဲ့တစ်ဖက် ပွဲချိန်ပြည့်အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြရာ အတော်လေးအကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒီပွဲစဉ်အတွက် တစ်လုံးတည်းသောအဆုံးအဖြတ်သွင်းဂိုးကိုတော့ ပွဲချိန်တစ်နာရီကျော်မှာရရှိလာတဲ့ ပင်နယ်တီအခွင့်အရေးမှတဆင့် မိုဆာလက်က သွင်းယူပေးခဲ့ပါတယ်။ အခုပင်နယ်တီသွင်းဂိုးနဲ့အတူ မိုဆာလက်က လီဗာပူးအသင်းသမိုင်းတလျှောက် ဥရောပအဆင့်သွင်းဂိုး ၅၀ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အခုအဝေးကွင်းနိုင်ပွဲနဲ့အတူ အန်းစလော့လက်အောက် လီဗာပူးအသင်းက အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းရင်း ၁၆-သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။