ယူနိုက်တက်ကိုမပြောင်းခင် လီဗာပူးနဲ့ဆွေးနွေးခဲ့ကြောင်း အန်တိုနီရဲ့အေးဂျင့် ထုတ်ဖော်ပြောကြား
ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီရဲ့အေးဂျင့် ဂျူနီယာက မိမိတို့ဟာ မန်ချက်စတာကိုမပြောင်းခင် လီဗာပူးအသင်းနဲ့ဆွေးနွေးခဲ့သေးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တန်ဟက်လက်အောက်မှာ အန်တိုနီဟာ အေဂျက်အသင်းနဲ့အတူ တောက်ပလာခဲ့တာဖြစ်ပြီး အသင်းတော်တော်များများက ချိတ်ဆက်ခဲ့ပေမယ့် ၂၀၂၂ မှာ ယူနိုက်တက်ထံရောက်လာခဲ့တာဖြစ်ပါတယ်။
ဘရာဇီးသားဟာ ယူနိုက်တက်ထံ ပေါင် ၈၅ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးခဲ့ရတာဖြစ်ပါတယ်။
အခုလအစောပိုင်းသတင်းတွေအရ လီဗာပူးနည်းပြ ကလော့ပ်ဟာ အန်တိုနီကို အန်ဖီးလ်ထံခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဆာလက်နေရာအတွက် ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။
အန်တိုနီရဲ့အေးဂျင့်ဖြစ်သူ ဂျူနီယာကလည်း အဆိုပါသတင်းတွေဟာ မှန်ကန်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“မှန်ပါတယ်။ ကျွန်တော်တို့ လီဗာပူးနဲ့ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေက မရပ်တန့်ခဲ့ပါဘူး။ ဆာလက်စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် အန်တိုနီအပြောင်းအရွှေ့က ဖြစ်မလာခဲ့တာပါ”လို့ ဂျူနီယာက ပြောကြားခဲ့ပါတယ်။
ဘရာဇီးသားဟာ မန်ချက်စတာမြေမှာ အထိုင်ကျဖို့ရုန်းကန်နေရပြီး နည်းပြသစ် အာမိုရင်လက်အောက်မှာ နေရာရဖို့ ကြိုးစားရဖွယ်ရှိနေပါတယ်။