
မန်စီးတီးကို အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုမျှော်လင့်ချက်ကို ထုတ်ပြောလာပြန်တဲ့ မိုဆာလက်
မနေ့ညပိုင်း၊ အီတီဟတ်ကွင်းမှာ မန်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ဆိုတာ လီဗာပူးအသင်းအတွက် တကယ်ကိုလိုအပ်တယ်လို့ မိုဆာလက်က ပြောကြားခဲ့ပါတယ်။ အခုပွဲစဉ်မှာ မိုဆာလက်က ကြိုးကြာနီတွေအတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၁၁ မှတ်ဖြတ်ဦးဆောင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ မိုဆာလက်အနေဖြင့် သူ့ရဲ့တစ်ခုတည်းသောပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ငါးနှစ်နီးပါးကြာမြင့်နေပြီဖြစ်ပြီး အခုဘောလုံးရာသီမှာတော့ အသင်းအနေဖြင့် အလုပ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ အီဂျစ်ကြယ်ပွင့်က သုံးသပ်ခဲ့ပါတယ်။
ကစားသမားဘဝရဲ့အကောင်းဆုံးအဆင့်အတန်းမျိုးမှာ ကစားနေသလားဆိုတဲ့ Sky Sports ရဲ့မေးခွန်းကို တုံ့ပြန်ရာမှာ အသက်-၃၂ နှစ်အရွယ်မိုဆာလက်က အင်္ဂလန်ချန်ပီယံအဖြစ် ပန်းဝင်နိုင်ဖို့ကိုသာ အရေးအကြီးဆုံးအရာအဖြစ် သတ်မှတ်ထားတယ်လို့ ဖြေကြားခဲ့ပါတယ်။
မိုဆာလက်က “ကျွန်တော်လည်း မသိပါဘူး။ ဒါက ထင်မြင်ယူဆချက်တွေပါ။ ပရိသတ်တွေကတော့ ကျွန်တော့်ရဲ့ပထမဆုံးရာသီ သို့မဟုတ် အခုရာသီ၊ တစ်ခုခုကို ပိုအကြိုက်တွေ့နိုင်ပေမယ့် ကျွန်တော်ကတော့ အခုရာသီကို ပိုပြီးသဘောတွေ့မိပါတယ်။ လူငယ်ကစားသမားလေးတွေကို ကူညီရင်း လိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ ကြိုးစားရတာ ထူးခြားလို့ပဲ ဖြစ်ပါတယ်။ကျွန်တော်တို့တွေ နောက်ထပ်လိဂ်ချန်ပီယံဆုဖလားတစ်ခု ဆွတ်ခူးနိုင်ဖို့ တကယ်ကိုလိုအပ်ပါတယ်။ ကျွန်တော်နဲ့အတူ အရင်တစ်ခေါက် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့သူတွေအတွက်လည်း နောက်တစ်ကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
အခုအချိန်မှာ မိုဆာလက်က ပရီးမီးယားလိဂ် ၂၇ ပွဲကစား၊ ၂၅ ဂိုးသွင်း၊ ၁၆ ကြိမ်ဂိုးဖန်တီးကာ အံ့အားသင့်လောက်စရာကောင်းအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဒါက ၂၀၁၇ ခုနှစ်၊ အသင်းဆီရောက်ရှိလာပြီးနောက်ပိုင်း သူ့ရဲ့အကျော်ကြားဆုံးဘောလုံးရာသီအတွင်း ပြုလုပ်ခဲ့တဲ့ ဂိုးပါဝင်ပတ်သက်မှုကို လိုက်မီနိုင်ဖို့ တစ်ဂိုးသာ လိုအပ်တော့တဲ့ အခြေအနေဆီ ဆိုက်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးကစားသမားဘဝနောက်ဆုံးရာသီဖြစ်လာနိုင်တယ်လို့ ထုတ်ပြောထားတဲ့ မိုဆာလက်အတွက် နောက်ထပ်ချန်ပီယံဆုတံဆိပ်တစ်ခုကို ကိုင်ဆောင်ရင်း နယ်မြေသစ်ဆီ ရွှေ့ပြောင်းသွားလိုတဲ့ အကြောင်းရင်းတစ်ခုလည်း ရှိကောင်းရှိနိုင်ပါတယ်။
မိုဆာလက်နဲ့ သူ့ရဲ့အသင်းဖော်တွေကတော့ လာမယ့်ဗုဒ္ဓဟူးနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အနိုင်ရလဒ်ရှာဖွေဖို့အတွက်ပြင်ဆင်ရမှာဖြစ်လို့ အနားယူဖို့အချိန် မရှိသေးပါဘူး။