ဆွစ်ဇာလန်က နိုင်ပွဲနဲ့ထိုက်တန်ပါတယ်လို့ဝန်ခံလိုက်တဲ့ ဒွန်နာရမ်မာ
အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာက ယမန့်နေ့ညက ယူရိုရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဆွစ်ဇာလန်ကို ၂-၀ နဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် သူ့ရဲ့အသင်းဟာ အရာရာပျောက်ဆုံးနေခဲ့တာကြောင့် ပြိုင်ဘက်က နိုင်ပွဲနဲ့ထိုက်တန်ခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
အုပ်စုဒုတိယနဲ့ ယခုအဆင့်ကို တက်လှမ်းလာနိုင်ခဲ့တဲ့ဆွစ်ဇာလန်ဟာ ရီမိုဖရီယူလာ၊ ရူဘင်ဗာဂတ်စ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ လက်ရှိချန်ပီယံအီတလီကို စောစောစီးစီးဖြုတ်ချပြီး ကွာတားဖိုင်မယ်အဆင့်ကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ အုပ်စုအဆင့်မှာကတည်းက စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့ပြီး ၁၆ သင်းအဆင့်ကို လိမ်ဖယ်လိမ်ဖယ်နဲ့တက်လာခဲ့တဲ့ အီတလီဟာ ဆွစ်ဇာလန်ကိုတော့ လုံးဝ ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ အလွယ်တကူအရှူံးပေးခဲ့ရတာကြောင့် ပွဲအပြီးမှာတော့ ဒွန်မာရမ်မာက သူ့ရဲ့နာကျင်မှုတွေကို ဖုံးကွယ်မထားနိုင်ဘဲ ထုတ်ဖော်ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
အီတလီအသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဒွန်နာရမ်မာက "ဆိုးဆိုးဝါးဝါးကို နာကျင်ရပါတယ်။ အီတလီနိုင်ငံသားအားလုံးကို တောင်းပန်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့အသင်းက စိတ်ပျက်စရာကောင်းခဲ့ပြီး သူတို့က နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်။ ဘာမှထပ်ပြောစရာမရှိတော့ပါဘူး။ ပွဲပြီးတဲ့အထိ တိုက်ပွဲဝင်ခဲ့ပေမယ့် ဘောလုံးကို မကြာခဏဆုံးရှုံးခဲ့ရပြီး နေရာလွတ်တွေလည်းခွင့်ပြုခဲ့ရပါတယ်။ တကယ်ကို ခက်ခဲခဲ့တဲ့ပွဲပါပဲ။ ကျွန်တော်တို့မှာ အရာရာပျောက်ဆုံးခဲ့ပါတယ်။ သတ္တိ၊ အရည်အသွေး၊ စွမ်းဆောင်ရည် လုံးဝမရှိခဲ့ပါဘူး။ ပထမပိုင်းမှာ သူတို့ပိုကောင်းခဲ့သလို ဒုတိယပိုင်းမှာလည်းအတူတူပါပဲ" လို့ပြောကြားခဲ့ပါတယ်။
အီတလီဟာ အုပ်စုအဆင့်မှာ အယ်လ်ဘေးနီးယားကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့အနိုင်ရခဲ့သလို ခရိုအေးရှားကိုလည်း နောက်ဆုံးမိနစ်သွင်းဂိုးကြောင့် သရေကစားနိုင်ခဲ့တာဖြစ်ပါတယ်။ စပိန်နဲ့ပွဲစဉ်မှာလည်း ပွဲချိန်တစ်လျှောက်လုံး ခံစစ်နဲ့ကစားခဲ့ပြီး ချေပဂိုးပြန်မသွင်းနိုင်ခဲ့တာကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
ယူရိုဖလားချန်ပီယံဂုဏ်ပုဒ်ကို ဆက်လက်ကာကွယ်ဖို့ စောစောကျရှုံးခဲ့နဲ့အီတလီအနေနဲ့ ယခုအခါမှာတော့ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲစဉ်တွေကို အာရုံစိုက်သွားရတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ဆိုရင်တော့ အီတလီအသင်းအနေနဲ့ ယခုထက်ပိုပြီး တိုးတက်မှုကို ပြသနိုင်ဖို့လိုအပ်နေပါတယ်။