ဂျော်ဂျီယာကို ပေါ့ပေါ့တန်တန်သဘောထားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ စပိန်အသင်းနည်းပြဒီလာဖွန်တေ
ယူရို-၂၀၂၄ ပြိုင်ပွဲ၊ နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဂျော်ဂျီယာနဲ့ရင်ဆိုင်ရချိန်မှာ စပိန်အသင်းအနေဖြင့် ပြိုင်ဘက်အပေါ် လျှော့တွက်တဲ့အမှားမျိုး ကျူးလွန်သွားဖို့မရှိဘဲ ဂျော်ဂျီယာနဲ့ထိုက်တန်မှုအပြည့်ရှိတဲ့ အာရုံစူးစိုက်မှုမျိုးနဲ့ စိန်ခေါ်သွားမယ်လို့ နည်းပြဒီလာဖွန်တေက ယမန်နေ့(စနေနေ့)မှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ စပိန်အသင်းက အခုပြိုင်ဘက်ကိုပဲ ၇-၁ ဂိုးဖြင့် အဝေးကွင်းမှာအနိုင်ရရှိခဲ့ဖူးတဲ့ မှတ်တမ်းတစ်ရပ်ရှိပေမယ့် အဲ့ဒီကာလနောက်ပိုင်း၊ ဂျော်ဂျီယာအသင်းဟာ တိုးတက်မှုအများကြီးရှိခဲ့ပြီး ဒီညပွဲစဉ်အတွက် စပိန်အသင်းကစားသမားတွေက ပြိုင်ဘက်ကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ အလေးထားယှဉ်ပြိုင်သွားလိမ့်မယ်လို့ ဒီလာဖွန်တေက ဆိုပါတယ်။
စနေနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဒီလာဖွန်တေက “ဘောလုံးလောကမှာ အံ့အားသင့်စရာတွေ အများကြီးကို ကျွန်တော်တို့ ကြုံတွေ့ဖူးပါတယ်။ ဒီလိုအံ့အားသင့်စရာတွေက ရပ်တန့်သွားလိမ့်မယ်လို့ မယူဆမိပါဘူး။ ဂျော်ဂျီယာက ပေါ်တူဂီကို အနိုင်ယူလာခဲ့တာပါ။ ကျွန်တော်တို့ သူတို့ကို ပြိုင်ဘက်အဖြစ် လေးစားမှုရှိရပါမယ်။ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားပြီး ပေါ်တူဂီလိုမျိုး မဖြစ်ရအောင် ကျွန်တော်တို့ ယှဉ်ပြိုင်ကစားသွားရပါမယ်။
သူတို့အသင်းက တန်ပြန်တိုက်စစ်ဆင်ရာမှာ အရမ်းလျှင်မြန်သလို အလွတ်တည်ကန်ဘောအသုံးချမှုအပိုင်းမှာလည်း အရမ်းကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပြိုင်ဘက်ရဲ့တန်ပြန်တိုက်စစ်အန္တရာယ် ထိခိုက်မှုမရှိလာအောင် သတိကြီးကြီးထားယှဉ်ပြိုင်ကစားသွားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
မရဏအုပ်စုမှာ အယ်လ်ဘေးနီးယား၊ ခရိုအေးရှား၊ အီတလီတို့နဲ့အတူ ကျရောက်ခဲ့ပေမယ့် အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲဖော်ဆောင်နိုင်မှုနဲ့အတူ အခုဂျာမန်မြေမှာ ဆုဖလားဆွတ်ခူးနိုင်ဖို့အတွက် သူ့ရဲ့အသင်း ရေပန်းစားမှုမြင့်တက်လာတာကိုလည်း ဒီလာဖွန်တေက အသိအမှတ်ပြုထားပါတယ်။
ဒါပေမယ့် ဒီလာဖွန်တေက ဂျော်ဂျီယာမြို့တော် တီဘီလီစီမှာ ရင်ဆိုင်ကစားခဲ့ရတဲ့ ယူရိုခြေစစ်ပွဲနောက်ပိုင်း ဂျော်ဂျီယာအသင်းရဲ့တိုးတက်လာမှုတွေကို အသိအမှတ်ပြုချီးကျူးခဲ့ပြီး စီရော်နယ်ဒိုရဲ့ပေါ်တူဂီကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့မှုအပါအဝင် ဂျော်ဂျီယာအသင်းဟာ အခုယူရိုပြိုင်ပွဲအတွက် ရင်သပ်ရှုမောစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့ပြီလို့ ပြောပါတယ်။
တဖက်မှာ စပိန်အသင်းကိုယ်တိုင်လည်း ဂျော်ဂျီယာနဲ့ရင်ဆိုင်ကစားခဲ့ရတဲ့ ယူရိုခြေစစ်ပွဲစဉ်နောက်ပိုင်း တိုးတက်မှုတွေ အများကြီးရှိလာတဲ့အသင်းတစ်ခုဖြစ်တယ်လို့ ဒီလာဖွန်တေက ရှင်းပြလိုက်ပါတယ်။
ယူရို-၂၀၂၄ ခြေစစ်ပွဲအစောပိုင်းကာလမှာ စကော့တလန်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ စပိန်အသင်းအတွက် တီဘီလီစီမြို့မှာ ဂျော်ဂျီယာနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်က အရေးပါတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာစေခဲ့တယ်လို့ ဒီလာဖွန်တေက ဆိုပါတယ်။
“အဲ့ဒီအချိန်တုန်းက ဂျော်ဂျီယာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဖိအားတွေအောက် ကျရောက်နေခဲ့ရတာပါ။ အဲ့ဒီပွဲစဉ်အပြီးမှာတော့ အရင်ထက်ပိုမိုသန်မာတဲ့အသင်းအဖွဲ့တစ်ခုအဖြစ် ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပါတယ်။
တကယ့်ကိုအရေးအကြီးဆုံးပွဲစဉ်ကတော့ နောက်လာမယ့်ပွဲစဉ်ပဲဖြစ်ပါတယ်။ အခုအချိန်မှာ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးလည်း စတင်နေပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်လည်း အလွန်ခက်ခဲမယ့်ပွဲစဉ်တစ်ခုအတွက် ရဲစွမ်းသတ္တိတွေရှိနေပြီး အနိုင်ရလဒ်ဖော်ဆောင်နိုင်ဖို့ အကောင်းဆုံးလက်နက်တွေကို ထုတ်သုံးသွားရပါလိမ့်မယ်”လို့ စပိန်လက်ရွေးစင်အသင်းနည်းပြက ပြောပါတယ်။