တန်ဟက်နဲ့ ဆွေးနွေးပြီးနောက် ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကို ဆုံးဖြတ်လိုက်တဲ့ ဇီကာဇီ
အီတလီသတင်းတွေအရ ဘိုလော့ဂ်နာတိုက်စစ်မှူး ဇီကာဇီတစ်ယောက် တန်ဟက်နဲ့ တိုက်ရိုက်စကားပြောဆိုပြီးနောက် ယူနိုက်တက်ကို ပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
ယူနိုက်တက်ဟာ အခုနွေရာသီမှာ တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့ ရှာဖွေနေတာဖြစ်ပြီး ဟွိုက်လန်းကို ဖိအားပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဇီကာဇီဟာ ယူနိုက်တက်အသင်းရဲ့ထိပ်တန်းပစ်မှတ်တွေထဲက တစ်ဦးဖြစ်ပြီး အေစီမီလန်ကလည်း အသက် ၂၃ နှစ်သားကို အလိုရှိနေကာ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၃၃ သန်း ရှိနေပါတယ်။
အေစီမီလန်ဘက်က ဇီကာဇီကို ခေါ်ယူနိုင်ဖို့ ဦးဆောင်နေပြီး ပြီးခဲ့တဲ့လတုန်းက ကစားသမားနဲ့ သဘောတူညီမှုရရှိထားပေမယ့် ကစားသမားရဲ့အေးဂျင့်ခ ပေါင် ၁၂ သန်းကြောင့် ဆွေးနွေးမှုက ကြန့်ကြာနေတာဖြစ်ပါတယ်။ အဆိုပါအခြေအနေကို အခွင့်ကောင်းယူပြီး ကစားသမားကို စည်းရုံးနေကာ အခုချိန်မှာတော့ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ နီးစပ်လာတယ်လို့ သိရပြီး အေစီမီလန်ဘက်က လူကာကူကို ခေါ်ယူဖို့ ပြင်ဆင်လာပါတယ်။
သတင်းတွေအရ ယူနိုက်တက်ဟာ ကစားသမားရဲ့အေးဂျင့်အတွက် ကော်မရှင်ခကို ပေးချေဖို့ သဘောတူညီထားပေမယ့် ဇီကာဇီကို တန်ဟက်က စည်းရုံးနိုင်ခဲ့တာက ပိုအရေးပါနေပါတယ်။ အခုအပတ်အစောပိုင်းတုန်းက ဘိုလော့ဂ်နာနည်းစနစ်ဒါရိုက်တာ ဆာတိုရီက နယ်သာလန်သားဟာ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုထားခဲ့ပါတယ်။
“ဇီကာဇီမှာ စာချုပ်ဖျက်သိမ်းကြေးရှိနေပါတယ်။ သူအသင်းကနေ ထွက်ခွာဖို့ ၉၉.၉% သေချာပါတယ်။ ကျွန်တော်တို့ သူ့နေရာအတွက် အစားထိုးဖို့ ရှာဖွေထားပြီးပါပြီ။ သူ့နေရာကို အစားထိုးဖို့ မလွယ်ပေမယ့် လုပ်ဆောင်ထားတာတွေရှိပါတယ်”လို့ ဆာတိုရီက ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဇီကာဇီအပြင် ဘိုင်ယန်နောက်ခံလူ ဒီလစ်ဂျ်ကိုလည်း ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ ဒီလစ်ဂျ်ကလည်း ဇီကာဇီနဲ့အတူ နယ်သာလန်အသင်းမှာ ပါဝင်နေပြီး ယူရိုပြိုင်ပွဲပါဝင်ကစားနေပါတယ်။ ဘိုင်ယန်ဘက်ကတော့ ဒီလစ်ဂျ်အတွက် ပေါင် ၄၂ သန်းလောက်အလိုရှိနေပါတယ်။