The network connection is lost.

Banner Image

အာမိုရင်လက်ထက်မှာ ယူနိုက်တက် အောင်မြင်မှုတွေပြန်ရလိမ့်မယ်လို့ အခိုင်အမာဆိုလာတဲ့ ဘက်ခမ်း

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်းက အသင်းဟာ နည်းပြရူဘင်အာမိုရင် လက်ထက်မှာ အောက်မြင်မှုတွေ ပြန်ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပြီး ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို မရောင်းဖို့ သတိပေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အဲရစ်တန်ဟက်ရဲ့နေရာကို ဆက်ခံခဲ့တဲ့ အာမိုရင်ဟာ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ရဲ့အခြေအနေကို တိုးတက်အောင်ပြုလုပ်ပေးနိုင်ခြင်းမရှိသေးဘဲ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာအထိ ကျဆင်းစေခဲ့ပါတယ်။ 

လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ ပေါ်တူဂီသားရဲ့ဦးဆောင်မှုနဲ့အတူ ယူနိုက်တက်ဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့ရည်ရွယ်ထားပြီး မားသီးယက်စ်ကွန်ဟာ၊ ဗစ်တာဂျိုကာရက်စ်၊ လီယမ်ဒီလပ်နဲ့ ရာယန်ချာကီတို့ကို ပစ်မှတ်ထားနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အပါအဝင် အသင်းရဲ့ ကစားသမားအများအပြားကိုလည်း ရောင်းချဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ 

ဘက်ခမ်းကတော့ ယူနိုက်တက်အနေနဲ့ ဖာနန်ဒက်စ်ကို မရောင်းချသင့်ကြောင်း သတိပေးခဲ့ပြီး အာမိုရင်ရဲ့လုပ်ပိုင်ခွင့်ကို အပြည့်အဝပေးထားဖို့အတွက်လည်း ပြောကြားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်းက "ကျွန်တော်ကတော့ အာမိုရင်ကို ကစားသမားသစ်ခေါ်ယူခွင့် စိတ်ကြိုက်ပေးသင့်တယ်လို့ထင်ပါတယ်။ ယူနိုက်တက်က ဘယ်လောက်အထိ သူ့ကိုပံ့ပိုးပေးနိုင်မလဲတော့ ကျွန်တော်လည်း မသိပါဘူး"

"သူ့ရဲ့ကိုယ်ပိုင်ကစားကွက်ထဲမှာ သူ့ရဲ့စိတ်ကြိုက်ကစားသမားတွေရှိနေဖို့လိုပါတယ်။ အခု သူခေါ်ထားတဲ့ကစားသမားတွေကလည်း အသင်းကိုပြောင်းလဲပေးထားနိုင်တယ်လို့ ထင်ပါတယ်။ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကိုတော့ မရောင်းသင့်ဘူးလို့ထင်ပါတယ်။ သူက အရမ်းထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ။ ပြီးတော့ အသင်းရဲ့အကယ်ဒမီကနေတက်လာခဲ့တဲ့ လူငယ်ကစားသမားလေးတွေကိုလည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကိုအကြောင်းပြပြီး မရောင်းသင့်ပါဘူး။ သူတို့ကို အခွင့်အရေးပေးဖို့လိုပါတယ်"

"ယူနိုက်တက်အနေနဲ့ အသင်းမှာ ကြီးပြင်းပြီး အသင်းကိုချစ်တဲ့ ကစားသမားလေးတွေကို ထိန်းသိမ်းထားသင့်ပါတယ်။ အသင်းကို တကယ်ချစ်တဲ့ကစားသမားတွေ အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာသွားတာ ကျွန်တော်မမြင်ချင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့် ကြာသပတေးနေ့မနက်မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်ကို စပိန်မြေမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်သွားရပါမယ်။