
ပရီးမီးယားလိဂ်ဆီ ပြန်လာမယ်ဆိုတဲ့ ထင်ကြေးတွေကို တုံ့ပြန်မှတ်ချက်ပေးလာတဲ့ ဟယ်ရီကိန်း
အသင်းဟောင်းတော့တင်ဟမ်နဲ့ ချိတ်ဆက်ထားတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ လာမယ့်ရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကို ဟယ်ရီကိန်းကိုယ်တိုင် တုံ့ပြန်လာခဲ့ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့စာချုပ်ဖျက်သိမ်းကြေးက လာမယ့်နွေရာသီမှာ ပေါင် ၅၇ သန်းအောက်ဆီ ရောက်ရှိလာလိမ့်မယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အတွက် နောက်ထပ်သွင်းဂိုးနှစ်ဂိုးရယူပေးပြီးနောက် တိုက်စစ်မှူးက စံချိန်ကောင်းတစ်ရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း တော့တင်ဟမ်မှ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာတဲ့ အင်္ဂလန်ကပ္ပတိန်က ဥရောပထိပ်တန်းလိဂ်ငါးခုနဲ့ ကလပ်အသင်းတစ်ခုအတွက် စံချိန်သစ်အဖြစ် ၁၀၄ ပွဲသာကစားကာ ဂိုး ၁၀၀ ပြည့်မြောက်အောင် သွင်းယူနိုင်ခဲ့ပါတယ်။ တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်ရဲ့ လတ်တလောပွင့်ပွင့်လင်းလင်းပြောဆိုနေမှုကလည်း ၂၀၂၆ ခုနှစ်မှာ မြောက်လန်ဒန်အရပ်ဆီ ဟယ်ရီကိန်း ပြန်ရောက်ရှိလာနိုင်တယ်ဆိုတဲ့ထင်ကြေးပေးမှုကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။
အခုသတင်းပတ်အစောပိုင်းမှာပဲ ဘရန့်ဖို့ဒ်နည်းပြဟောင်းက “ ကျွန်တော်အပါအဝင် တော့တင်ဟမ်ပရိသတ်အများစုကလည်း ဟယ်ရီကိန်းပြန်လာတာကို မြင်တွေ့ချင်ကြမယ်လို့ ထင်ပါတယ်။ သူက ထိပ်တန်းဘောလုံးသမားတစ်ဦး ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရတော့ သူက ဘိုင်ယန်မြူးနစ်မှာပဲ ဆက်ရှိနေပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ဦးမယ်လို့ ထင်ပါတယ်။ သူက ယမန်နှစ်ဘောလုံးရာသီမှာ လိဂ်ရဲ့ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုလည်း အကောင်းဆုံးစွမ်းဆောင်နေပါတယ်။ ဟယ်ရီကိန်း ဘာတွေတွေးနေသလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်ကတော့ ခရီးသွားလာမှုကို သဘောကျတဲ့ ခရီးသွားတစ်ဦးပါ။ စူးစမ်းလေ့လာရတာလည်း သဘောကျပါတယ်။ ဟယ်ရီကိန်းကိုယ်တိုင် ဒီအသင်းမှာ အချိန်အကြာကြီးရှိနေခဲ့လို့ ဘိုင်ယန်မြူးနစ်မှာ နည်းနည်းမပျော်တော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူသာ ပြန်လာပြီး ကျွန်တော်တို့ဆီဆက်သွယ်လာမယ်ဆိုရင် ဒါက ကြိုဆိုမှုတစ်ခုထက်တောင် ပိုသွားပါဦးမယ်”လို့ ပြောပါတယ်။
သောမတ်စ်ဖရန့်ခ်ရဲ့ပြောစကားထွက်ပေါ်လာမှုအပြီး ကြယ်ပွင့်တိုက်စစ်မှူးကို ဂျာမန်ဘီလူးကြီး ထိန်းထားနိုင်ဦးမလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာမတ်ခ်အီဘရယ်လ်က “ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့အတွက် ဟယ်ရီကိန်းရင့်ကျက်နေပါပြီ။ ဒီနေရာမှာ စာချုပ်ဖျက်သိမ်းကြေး ရှိ၊မရှိဆိုတာက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူသာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ချင်တယ်လို့ ပြောလာရင် တော့တင်ဟမ်မှာလိုပဲ သူ လုပ်ဆောင်သွားပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဆန္ဒကတော့ အခုဘောလုံးရာသီအပြင် လာမယ့်အနာဂတ်ကာလတွေမှာပါ ဟယ်ရီကိန်းနဲ့အတူ အောင်မြင်မှုတွေ အများကြီးဖန်တီးသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။
ဝါဒါဘရီမင်ကို လေးဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့အောင်ပွဲအပြီး အင်္ဂလန်ပြန်ဖို့ စဉ်းစားနေပြီလားဆိုတဲ့ မေးခွန်းကို ဟယ်ရီကိန်းက “ လောလောဆယ်တော့ မစဉ်းစားသေးပါဘူး။ ဒီကလပ်အသင်းမှာ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းလည်း နှစ်နှစ်ကျန်သေးပြီး အခိုက်အတန့်တိုင်းမှာ ပျော်ရွှင်နေပါတယ်။ အင်္ဂလန်ပြန်ဖို့ဆိုတာ ကျွန်တော်အတွေးထဲမှာ မရှိသေးပါဘူး။ ဒီကလပ်အသင်းမှာ နည်းပြနဲ့အတူ ပျော်ရွှင်နေပြီး အောင်မြင်မှုတွေ ဆက်လက်ရယူသွားဖို့ပဲ မျှော်လင့်ထားပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဆိုတာ သူ့အတွက် ဆုဖလားတွေရယူဖို့ အကောင်းဆုံးနေရာဖြစ်မလားဆိုတဲ့ မေးခွန်းကို ဟယ်ရီကိန်းက “ အမှန်ပါပဲ၊ သေချာတာပေါ့”လို့ ဖြေကြားခဲ့ပါတယ်။ လတ်တလောမှာတော့ အင်္ဂလန်တိုက်စစ်မှူးက ဘိုင်ယန်မြူးနစ်ရဲ့ ပါဖို့စ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အပြင် လာမယ့်စနေနေ့၊ ဖရန့်ဖတ်နဲ့ရင်ဆိုင်ရမယ့် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေဆီ အာရုံစိုက်နေပါလိမ့်မယ်။