The network connection is lost.

Banner Image

အာဆင်နယ်ကို ဆုဖလားအောင်ပွဲတွေဆီ ပို့ဆောင်ပေးနိုင်သူအဖြစ် ယောကားရက်စ်ကို ထောက်ခံလိုက်တဲ့ ဆာလီဘာ

ဝီလျံဆာလီဘာက အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဆီ ယောကားရက်စ်နဲ့ရင်ဆိုင်ကစားရတာ ထိတ်လန့်စရာကောင်းလွန်းတယ်လို့ သတိပေးပြောကြားရင်း မြောက်လန်ဒန်ကလပ်အသင်းရဲ့ ငါးနှစ်ကြာဆုဖလားမိုးခေါင်မှုကို အဆုံးသတ်ပေးနိုင်မယ့်သူအဖြစ် နောက်ဆုံးခေါ်ယူထားတဲ့ ဂန်းနားကစားသမားသစ်ကို ထောက်ခံပေးခဲ့ပါတယ်။ 

ဆာလီဘာကိုယ်တိုင်လည်း ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်မှာ စပို့တင်းလစ္စဘွန်းကို ၅-၁ ဂိုးဖြင့် အနိုင်ယူကျော်ဖြတ်ချိန် သူ့ရဲ့အသင်းဖော်သစ်နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း စပို့တင်းလစ္စဘွန်းနဲ့ အာဆင်နယ်တို့အကြား ပေါင် ၆၄ သန်းတန် အပြောင်းအရွှေ့သဘောတူညီမှု တရားဝင်ထွက်ပေါ်လာခဲ့ပြီးနောက် ယောကားရက်စ်က နယူးကာဆယ်နဲ့ ရာသီကြိုခြေစမ်းပွဲစဉ်ကစားဖို့ ဂန်းနားတို့ရောက်ရှိနေတဲ့ စင်ကာပူနိုင်ငံဆီ ချက်ချင်းဆိုသလို ခရီးထွက်ခွာလာခဲ့ပါတယ်။

 ဒီပွဲစဉ်မှာ သူပါဝင်ကစားနိုင်ခြင်းမရှိပေမယ့် အာဆင်နယ်ဂျာစီဝတ်ဆင်ပြီး ကွင်းပွဲကြည့်စင်ပေါ်မှာ ရှိနေခဲ့ပါတယ်။ တဖက်မှာလည်း ဆာလီဘာက သူကိုယ်တိုင် ထိတ်လန့်ဖွယ်ပြိုင်ဘက်အဖြစ် သတ်မှတ်ထားတဲ့ ယောကားရက်စ်လို ဂိုးသွင်းစက်မျိုးနဲ့ လက်တွဲကစားရမယ့် အလားအလာအပေါ် စိတ်လှုပ်ရှားနေပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း ဆုဖလားအောင်ပွဲတွေဆီ ပို့ဆောင်ပေးကာ အာဆင်နယ်ရဲ့ဆုဖလားမိုးခေါင်မှုကို အဆုံးသတ်ပေးနိုင်မယ့်သူလို့ ဆွီဒင်တိုက်စစ်မှူးအပေါ် အားပေးထောက်ခံခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဆာလီဘာက “ ယောကားရက်စ်ရဲ့ခြေစွမ်း ဘယ်လောက်အထိကောင်းတယ် ဆိုတာ၊ သူနဲ့ရင်ဆိုင်ကစားရတာ ဘယ်လောက်အထိ ကြောက်စရာကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အမှန်ပါပဲ၊ ကျွန်တော့်ရဲ့ကလပ်အသင်းဆီ သူရောက်ရှိလာလို့ အရမ်းပျော်ရွှင်မိပါတယ်။ ပြီးတော့ သူက ကျွန်တော်တို့ကို နိုင်ပွဲတွေရရှိအောင် ကူညီပေးရင်း ဆုဖလားအောင်ပွဲတွေဆီ ပို့ဆောင်ပေးသွားမယ်ဆိုတာ သေချာပါတယ်။

ဂိုးတွေသွင်းယူနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးနဲ့ရင်ဆိုင်ရချိန် သူ့ကို အာရုံစိုက်ထားဖို့ လိုအပ်နေလို့ ယောကာရက်စ်နဲ့ရင်ဆိုင်ကစားရတာ ကြောက်စရာပါပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော်တို့အသင်းဆီ ယောကားရက်စ်ရောက်ရှိလာပြီး ကျွန်တော်တို့အတွက် ဂိုးတွေ သွင်းယူပေးပါလိမ့်မယ်။ ဒါ ကောင်းပါတယ်။ နှစ်တိုင်း မတူညီကြပါဘူး။ နောက်ဆုံးသုံးရာသီဆက်ရရှိခဲ့တဲ့ သင်ခန်းစာတွေကို သင်ယူသွားဖို့ လိုအပ်ပါတယ်။ အမှန်ပါပဲ၊ နောက်တစ်ကြိမ်ပရီးမီးယားလိဂ်ပြေးလမ်းမှာ ပါဝင်ခွင့်ရရှိလို့ ကျွန်တော်တို့ ကံကောင်းလွန်းပါတယ်။ ကျွန်တော်တို့ရဲ့ခံယူချက်က ပရီးမီးယားလိဂ်ဖလားရယူဖို့ ဖြစ်ပြီး ရာသီစတင်ချိန်ကတည်းက အရာရာတိုင်းကို ပေးဆပ်သွားဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ 

ကစားသမားသစ်တွေ အများကြီးရောက်ရှိလာပြီး သူတို့အားလုံး ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးရရှိအောင် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ယောကားရက်စ်က ဟောင်ကောင်ဆီထွက်ခွာမယ့် ပရီးမီးယားလိဂ်ဘီလူးကြီးနဲ့အတူ ပူးပေါင်းသွားပါလိမ့်မယ်။ အာတီတာကိုယ်တိုင်လည်း လာမယ့်ကြာသပတေးနေ့၊ မဟာပြိုင်ဘက်ကြီး တော့တင်ဟမ်နဲ့ရင်ဆိုင်ရချိန် ပွဲကစားချိန်ပေးသွားနိုင်ဖို့ ဆွီဒင်တိုက်စစ်မှူးရဲ့ကြံ့ခိုင်မှုအခြေအနေကို ဆန်းစစ်သွားပါလိမ့်မယ်။