
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့လို့ ကစားသမားသစ်အများအပြားခေါ်ယူမှာမဟုတ်ကြောင်း အာမိုရင်ပြော
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မရှိခဲ့လို့ နွေရာသီမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူသွားမှာမဟုတ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ပြီး ချန်ပီယံဆုဖလားအပြင် နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကိုပါလွဲချော်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့အတွက် လုံလောက်တဲ့ ဘဏ္ဍာငွေပမာဏကို သုံးစွဲခွင့်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် အာမိုရင်က ပရိသတ်တွေအနေနဲ့ အသင်းရဲ့ကြီးမားတဲ့ ကစားသမားသစ်ခေါ်ယူမှုတွေကို မြင်တွေ့ရမှာမဟုတ်ကြောင်း သတိပေးစကားဆိုလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၁၅ နေရာမှာသာရပ်တည်နိုင်ခဲ့ပေမယ့် နောက်ရာသီအတွက် ကြီးမားတဲ့အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ အာမိုရင်က ဆိုပါတယ်။လောလောဆယ်မှာတော့ ယူနိုက်တက်ဟာ ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ဟာကိုသာ ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရထားပြီး အသင်းမှပြန်လည်ရောင်းချမယ့် ကစားသမားတွေကိုတော့ တိတိကျကျဖော်ပြနိုင်ခြင်းမရှိသေးပါဘူး။
ဒါ့အပြင် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကို ဆော်ဒီပရိုလိဂ်ကစိတ်ဝင်စားနေတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားသော်လည်း ယူနိုက်တက်အနေနဲ့ ရောင်းချသွားမယ်လို့ ယတိပြတ်ကြေညာထားခြင်းမရှိသေးပါဘူး။
အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ အာမိုရင်က "အိုမာ(ယူနိုက်တက်စီအီးအို) ဒီမှာရှိနေပါတယ်။ ဒီအကြောင်းတွေကို သူက ကျွန်တော့်ထက်ပိုပြီးရှင်းပြနိုင်မှာပါ။ ကျွန်တော်တို့မှာအမြဲတမ်း အစီအစဉ်က ၂ ခုရှိပါတယ်။ ပထမတစ်ခုက ချန်ပီယံလိဂ်ဝင်ခွင့်ရရင်လုပ်မယ့်အစီအစဉ်ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ရင်လုပ်သွားမယ့်အစီအစဉ်ပါ"
"အခုတော့ ချန်ပီယံလိဂ်ဝင်ခွင့်မရလို့ ကျွန်တော်တို့မှာ ကစားသမားတွေအများအပြားလိုအပ်မှာမဟုတ်ပါဘူး။ လက်ရှိလူစာရင်းကိုအားပြုပြီး ပိုကောင်းတဲ့အသင်းကို ဖန်တီးသွားမှာပါ။ ကစားသမားသစ်တွေခေါ်ယူဖို့ စီစဉ်ထားတာမျိုးရှိပါတယ်။ ဒါပေမယ့် အသင်းရဲ့လက်ရှိလူစာရင်းနဲ့ အကယ်ဒမီကစားသမားလေးတွေကို တိုးတက်အောင်ပြုလုပ်ဖို့က ဦးစားပေးအစီအစဉ်ဖြစ်နေပါပြီ။ နွေရာသီမှာ ကျွန်တော်တို့ လုပ်ပိုင်ခွင့် ကြီးကြီးမားမားမရှိပါဘူး"
"အသင်းအနေနဲ့ စည်းလုံးနေဖို့ အရေးကြီးပါတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့သွားရဦးမှာဖြစ်ပြီး လမ်းခရီးက ဖြောင့်ဖြူးဖို့မရှိပါဘူး။ ဒါပေမယ့် အသင်းက တိုးတက်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ တိုးတက်နေဖို့က အရေးကြီးဆုံးပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညမှာတော့ ယူနိုက်တက်ဟာ အာရှခြေစမ်းခရီးစဉ်မှ ပထမဆုံးပွဲစဉ်အဖြစ် အာဆီယံအောစတားအသင်းကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး သောကြာနေ့မှာတော့ ဟောင်ကောင်အသင်းနဲ့ ဆက်လက်ခြေစမ်းသွားရပါမယ်။