The network connection is lost.

Banner Image

လီဗာပူးနဲ့စာချုပ်သစ်ကိစ္စ ဆွေးနွေးဖို့ ဆန္ဒရှိနေတဲ့ လူးဝစ်ဒီယက်ဇ်

လူးဝစ်ဒီယက်ဇ်က လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖိုးကိစ္စ ဆွေးနွေးသွားဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး အနာဂတ်အတွက် သူ့ရဲ့အစီအမံတွေကိုလည်း ဖွင့်ချသွားခဲ့ပါတယ်။

ကိုလံဘီယာလက်ရွေးစင်ရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်အထိ ရှိနေပြီး ကြိုးကြာနီတွေကိုယ်တိုင်လည်း သူ့ကို အန်ဖီးလ်မှာ ဆက်ထိန်းထားနိုင်ဖို့ စာချုပ်သက်တမ်းတိုးမြှင့်သွားရန် ဆန္ဒရှိနေတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက်-၂၈ နှစ်အရွယ်ကစားသမားအနေဖြင့် စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိဘူးဆိုရင် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့အတွက် ချိတ်ဆက်မှုတွေလည်း ရှိထားခဲ့ပါတယ်။ ဒါပေမယ့် ကတ္တလန်ဘီလူးကြီးတွေရဲ့ ငွေရေးကြေးရေးပြဿနာတွေကြောင့် သူ့ကိုခေါ်ယူနိုင်ပါ့မလားဆိုတာ စောင့်ကြည့်သွားရဖို့လည်း ရှိနေပါတယ်။

ဒီယက်ဇ်က အာဆင်နယ်နဲ့တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့တနင်္ဂနွေနေ့ပွဲစဉ်မှာ လီဗာပူးအတွက် အခုရာသီ၊ သူ့ရဲ့လိဂ် ၁၃ ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာ အသက်-၂၈ နှစ်အရွယ်ကစားသမားဆီ အနာဂတ်ပတ်သက်တဲ့ မေးခွန်းတွေ ရောက်ရှိလာခဲ့ပြီး ကစားသမားကိုယ်တိုင်က မိုဆာလက်၊ ဗန်ဒိုက်တို့လိုပဲ အန်ဖီးလ်မှာ သူ့ရဲ့ကစားသမားဘဝဆက်ရှိနေဖို့အတွက် စိတ်အားထက်သန်မှုရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီယက်ဇ်က “ ဟုတ်ပါတယ်၊ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ဒီအသင်းဆီ ပထမဆုံးရောက်ရှိလာတဲ့နေ့မှစပြီး ဒီအသင်းကြီးမှာ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့ အမြဲတမ်းကစားနိုင်ခဲ့ပါတယ်။ စာချုပ်သစ်အတွက်တော့ ကျွန်တော်တို့ ဆွေးနွေးသွားရပါလိမ့်မယ်။ ဆွေးနွေးဖို့လည်း ရှိပါတယ်။ 

ကျွန်တော်ကတော့ ဒီအသင်းမှာ နှစ်ပေါင်းများစွာကြာအောင် ရှိနေချင်ပါတယ်။ ဒါကြောင့် ကိစ္စတိုင်းဟာ ကလပ်အသင်းအပေါ်မှာပဲ မူတည်ပါတယ်။ ဒီနေရာမှာ သီးခြားစီခွဲထုတ်ထားရမယ့် အသေးစိတ်အချက်အလက်တွေလည်း ရှိပါတယ်။ အလွန်အေးအေးချမ်းချမ်းရှိနေပြီး ပရီးမီးယားလိဂ်မှာ ကျွန်တော် ပျော်ရွှင်နေပါတယ်”လို့ Telemundo Deportes သတင်းဌာနဆီ ပြောပါတယ်။

ဒီယက်ဇ်က လီဗာပူးနဲ့စာချုပ်သက်တမ်းတိုးဖို့၊ အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ထပ်မံရယူသွားဖို့ ဆန္ဒရှိနေလိမ့်မယ်ဆိုတာ ထင်ရှားပါတယ်။ အန်းစလော့ရဲ့အသင်းကတော့ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေကိုကစားပြီးရင် ချန်ပီယံဆုဖလားသိမ်းပိုက်ကာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို ကန့်လန်ကာချသွားပါလိမ့်မယ်။