The network connection is lost.

Banner Image

ဝေဖန်မှုအချို့နဲ့ရင်ဆိုင်ခဲ့ရတဲ့ အာနိုးလ်ကို ကာကွယ်ပြောဆိုပေးလိုက်တဲ့ မိုဆာလက်

မိုဆာလက်က အသင်းမှထွက်ခွာတော့မယ့် အာနိုးလ်အပေါ် လီဗာပူးပရိသတ်အချို့ရဲ့ဝေဖန်ခဲ့မှုနဲ့ပတ်သက်လို့ ဝမ်းနည်းစိတ်မကောင်းဖြစ်မိပြီး ငယ်မွေးခြံပေါက်ကစားသမားကို အကောင်းဆုံးနှုတ်ဆက်ပေးသွားကြဖို့ ပရိသတ်တွေဆီ တိုက်တွန်းလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ ကောလာဟလတွေ လပေါင်းများစွာထွက်ပေါ်ပြီးနောက် အသက်-၂၆ နှစ်အရွယ်ကစားသမားက လီဗာပူးမှာ နှစ်ပေါင်း ၂၀ ကြာ တည်ရှိခဲ့မှုကို အခုနွေရာသီကာလအတွင်း ရပ်တန့်တော့မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဒီနောက် အာဆင်နယ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်အတွင်း အန်ဖီးလ်ကွင်းအတွင်းရှိ ပရိသတ်အချို့ရဲ့ဝေဖန်မှုကို အင်္ဂလန်လက်ရွေးစင် ရင်ဆိုင်ခဲ့ရပြီး ဒီအပြုအမူတွေအပေါ် အာနိုးလ်ရဲ့အသင်းဖော်မိုဆာလက်ကိုယ်တိုင်လည်း စိတ်ပျက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ အသင်းနဲ့နှစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တဲ့ အသက်-၃၂ နှစ်အရွယ်ကစားသမားက လီဗာပူးပရိသတ်တွေအနေဖြင့် အခုလိုနည်းလမ်းမျိုး မလုပ်သင့်ဘူးလို့ ယုံကြည်နေပြီး လက်ကျန်ပွဲစဉ်နှစ်ခုမှာ အခုလိုဝေဖန်သံတွေ ထပ်မထွက်လာဖို့လည်း မျှော်လင့်နေခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံခန်းမှာ အာနိုးလ်ကို ဘယ်လောက်အတိုင်းအတာအထိ အမှတ်ရနေမှာလဲလို့ မေးမြန်းမှုကို  မိုဆာလက်က “အများကြီးပါပဲ။ ကျွန်တော် ဒီကောင်လေးကို ချစ်ပါတယ်။ အကောင်းဆုံးနှုတ်ဆက်ပွဲတစ်ခုနဲ့ ထိုက်တန်သူလို့ ထင်ပါတယ်။ ဒီမြို့ကြီးအတွက်ရော၊ ဒီကလပ်အသင်းအတွက်ပါ အာနိုးလ်လုပ်ပေးခဲ့တာတွေ အများကြီးပါ။ သူက ကလပ်အသင်းသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်နိုင်ပါတယ်။ အစွမ်းကုန်ပေးဆပ်ခဲ့ပြီးနောက် သူ့အတွက် အသစ်တစ်ခုတော့ လိုအပ်နေပြီလို့ ထင်ပါတယ်။ စိန်ခေါ်မှုအသစ်ပေါ့။ အဲ့ဒီအကြောင်း ကျွန်တော့်ဆီ သူပြောပြပါတယ်။ ဒါက သူ့ဆုံးဖြတ်ချက်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူ့အတွက် စိန်ခေါ်မှုအသစ်တစ်ခု လိုအပ်နေပါတယ်။ 

သူ့အသက် ၂၆ နှစ်မှာ ဆုဖလားနှစ်ကြိမ်၊ သုံးကြိမ်လောက် အနိုင်ရရှိပြီးရင် သူဘာတွေဆက်လုပ်နိုင်ဦးမှာလဲ? ပြင်ပလောကဆီ ထွက်ခွာသွားပြီး သူ့ကိုယ်သူ စိန်ခေါ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေကိုယ်တိုင် ဒီအကြောင်းအရာကို ဘာမှမသိထားလို့ပါ။ ဒါပေမယ့် အာနိုးလ်က ကလပ်အသင်းတစ်ခုမှာ နှစ် ၂၀ ကြာ ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။ အခုလိုလမ်းခွဲရမှုက စိတ်ပိုင်းဆိုင်ရာအရ အရမ်းခက်ခဲပါလိမ့်မယ်။ ကျွန်တော်လည်း ဒီကလပ်အသင်းကို ချစ်ပေမယ့် နှစ် ၂၀ လောက် ဒါမျိုးတွေပဲ ကြုံတွေ့နေရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ အခက်အခဲရှိနိုင်ပါတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်လာပါစေလို့ ဆုတောင်းပေးရင်း အာနိုးလ်နဲ့ အမြဲအဆက်အသွယ်လုပ်သွားပါမယ်။ ပရိသတ်တွေကိုယ်တိုင် အာနိုးလ်ကို ရင့်ရင့်သီးသီးမဆက်ဆံသင့်ဘူးလို့ ထင်ပါတယ်။ ပရိသတ်တွေအတွက် အစွမ်းကုန်ပေးဆပ်ခဲ့သူဖြစ်လို့ ဖြစ်နိုင်သမျှအကောင်းဆုံးနည်းလမ်းနဲ့ပဲ အာနိုးလ်ကို ဆက်ဆံသင့်ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လီဗာပူးပရိသတ်အချို့ရဲ့အာနိုးလ်အပေါ်တုံ့ပြန်မှုနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်မိလားဆိုတဲ့မေးခွန်းကို မိုဆာလက်က “လုံးဝသေချာတာပေါ့။ လီဗာပူးပရိသတ်တွေဆိုရင် ဒီလိုလုပ်ရပ်မျိုးမလုပ်ဘူးဆိုတာ သိထားလို့ ကျွန်တော်ကိုယ်တိုင်လည်း အံ့အားသင့်မိခဲ့ပါတယ်။ ဘယ်သူ့မှ ဒါမျိုးမလုပ်သင့်ပါဘူး။ ခြောက်လလောက်ပဲဖြစ်ဖြစ်၊ ဒီကလပ်အသင်းမှာရှိခဲ့ဖူးသူဆိုရင်လည်း ကျွန်တော်တို့ အမြဲတမ်းအသိအမှတ်ပြုပေးရပါမယ်။ နှစ် ၂၀ လောက် ပေးဆပ်ခဲ့သူအတွက် ဒါမျိုးဖြစ်သင့်လားဆိုတာ စဉ်းစားကြည့်ပါ။ ဘရိုက်တန်နဲ့ပွဲစဉ် (ဒါမှမဟုတ်) ရာသီပိတ်ပွဲစဉ်မှာ အခြေအနေတွေ အပြောင်းအလဲရှိမယ်လို့ မျှော်လင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ အာနိုးလ်က အကောင်းဆုံးနှုတ်ဆက်ခြင်းနဲ့ ထိုက်တန်လို့ပါပဲ”လို့ ဆက်ဖြေသွားခဲ့ပါတယ်။

မက်ဒရစ်မြို့မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးကလပ်အသင်းတစ်ခုမှာ သူ့ရဲ့ကံကြမ္မာကိုစမ်းသပ်မယ့် အာနိုးလ်ရဲ့ဆုံးဖြတ်ချက်ကို အချို့က နားလည်ပေးနိုင်ပေမယ့် အထူးသဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးပြီးချိန်မှာတောင် လီဗာပူးပရိသတ်အတော်များများက ဒီဆုံးဖြတ်ချက်ကို နားမလည်နိုင်ကြပါဘူး။ မိုဆာလက်ထောက်ပြသလိုပဲ အာနိုးလ်က ငယ်မွေးခြံပေါက်ကလပ်အသင်းအတွက် ဆုဖလားမျိုးစုံ အနိုင်ရရှိခဲ့ပြီးဖြစ်ပေမယ့် အချို့သူတွေအတွက်တော့ မလုံလောက်သေးပါဘူး။

အာနိုးလ်ရဲ့လီဗာပူးအသင်းက တနင်္လာနေ့မှာ ဘရိုက်တန်နဲ့ယှဉ်ပြိုင်ကစားပြီး ရာသီပိတ်ပွဲစဉ်အဖြစ် ပူပူနွေးနွေးအက်ဖ်အေဖလားချန်ပီယံ ခရစ္စတယ်ပဲလေ့စ်နဲ့ လာမယ့်သီတင်းပတ်ကုန်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။ ဒီပွဲစဉ်တွေမှာ နောက်ခံလူအတွက် ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ရှိလာဦးမလဲဆိုတာတော့ စောင့်ကြည့်သွားရပါမယ်။