ထိပ်တန်းအသင်းတစ်သင်းကို အမြင့်ဆုံးအချိန်မှာ ကိုင်တွယ်ရတာက စိတ်ပိုင်းဆိုင်ရာမွန်းကြပ်မှုတွေရှိတယ်လို့ ဝန်ခံလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ထိပ်တန်းအသင်းတစ်သင်းကို အမြင့်ဆုံးအခြေအနေမှာ ကိုင်တွယ်ရတာက ခက်ခဲမှုတွေနဲ့ ကြုံတွေ့ရပြီး စိတ်ပိုင်းဆိုင်ရာမွန်းကြပ်မှုတွေလည်းရှိနေတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခုရာသီဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကိုင်တွယ်ခဲ့တဲ့ ဂွါဒီယိုလာအတွက် မန်စီးတီးနည်းပြဘဝ ၈ ရာသီမြောက်ဖြစ်ပြီး စုစုပေါင်းနည်းပြဘဝမှာတော့ ၁၅ ရာသီအထိဖြတ်သန်းထားနိုင်တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ဂွါဒီယိုလာဟာ ရာသီကုန်မှာ လီဗာပူးကနေထွက်ခွာမယ့် ပြိုင်ဘက်ဟောင်း ယာဂင်ကလော့ပ်ကို အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “မန်နေဂျာတစ်ယောက်အနေနဲ့ ကျွန်တော်တို့မှာ အနိမ့်အမြင့်အတက်အကျဆိုတာ အမြဲတမ်းရှိပါတယ်။ ခင်ဗျားအနေနဲ့ ဘယ်အသင်းကိုပဲကိုယ်စားပြုပါစေ။ ဒီလိုတော့ အမြဲတမ်းဖြစ်နေမှာပါ။ ကျွန်တော် ဘာစီလိုနာမှာတုန်းက အရမ်းပင်ပန်းခဲ့ရပြီး ထွက်ခွာခဲ့ရပါတယ်။ ဒီမှာတော့ ကျွန်တော်ထင်ထားတာထက် အချိန်ပိုကြာကြာနေနိုင်ခဲ့ပါတယ်။ မန်နေဂျာတစ်ယောက်ဆီကနေ လူတွေမျှော်လင့်ထားတာတွေက အမြဲတမ်းမြင့်မားပါတယ်။ ဒါပေမယ့် မန်နေဂျာတွေကတော့ သူနည်းသူ့ဟန်နဲ့ ကိုင်တွယ်ဖြေရှင်းနေကြတာပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ သူ့ရဲ့နည်းပြဘဝကို ဘာစီလိုနာမှာစတင်ခဲ့ပြီး ၄ နှစ်ကြာကိုင်တွယ်ခဲ့ကာ အသင်းအတွင်းပိုင်းပြဿနာတွေကြုံတွေ့ခဲ့ရတာကြောင့် ၂၀၁၂ ခုနှစ်မှာ ရာထူးကနေနှုတ်ထွက်ခဲ့ပါတယ်။ ဂွါဒီယိုလာက “ကျွန်တော်ပင်ပန်းပြီး ခံစားချက်မကောင်းတဲ့အချိန်တွေဆို သူတို့သိကြပါတယ်။ သူတို့သိတယ်။ ဒါပေမယ့် ဒါကပြဿနာမဟုတ်ပါဘူး။ တစ်ခါတလေမှာ ကျွန်တော်က စူပါမန်းတစ်ယောက်လိုဟန်ဆောင်ရပါတယ်။ ဆုဖလားကိုပဲ အကြိမ် သန်း ၁ ထောင်လောက်ဆွတ်ခူးနိုင်တဲ့ပုံစံမျိုးပေါ့။ ဒါကြောင့် ဒီနေ့ခေတ်မှာတော့ လူတွေက ဒီကောင်က ပြီးပြည့်စုံနေတယ်လို့သံသယရှိလာပါတယ်” လိုပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးဂွါဒီယိုလာက သူ့အနေနဲ့ အနားယူချိန်ပိုမိုလိုအပ်ကြောင်းနဲ့ သူဟာ တစ်ရက်ကို ၄-၅ နာရီသာ အိပ်စက်ခွင့်ရခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာနဲ့ မတူဘူးလို့ပြောကြားခဲ့ပါတယ်။ စပိန်သားက “ကျွန်တော်က မာဂရက်သက်ချာမဟုတ်ပါဘူး။ သူက ကျွန်တော့်ထက်ပိုသန်မာပါတယ်။ ကျွန်တော်က အနားယူဖို့နာရီတွေပိုလိုအပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ မန်စီးတီးဟာ ဇယားထိပ်ဆုံးကလီဗာပူးနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အန်ဖီးလ်မှာ နိုင်ပွဲပြန်ရဖို့ကြိုးစားရမှာကာ အနိုင်ရခဲ့မယ်ဆိုရင်တော့ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ခွင့်ရမှာဖြစ်ပါတယ်။