
၂၀၂၅-၂၆ ရာသီအတွက် အစီအစဉ်တွေဆွဲထားကြောင်း အာမိုရင် အခိုင်အမာပြော
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းကနေ ထွက်ခွာမယ့်လို့ သတင်းကြီးနေတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုတို့နဲ့ စကားပြောသွားမှာဖြစ်ကြောင်းနဲ့ လာမယ့် ရာသီအတွက် အစီအစဉ်တွေ ဆွဲထားပြီဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ကို ဆော်ဒီပရိုလိဂ်က ချိတ်ဆက်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး အယ်လ်ဟီလယ်က ပေါ်တူဂီသားကို ပေါင်သန်း ၂၀၀ အထိရရှိနိုင်တဲ့ ၃ နှစ်သက်တမ်းရှိစာချုပ်နဲ့အတူ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ ဂါနာချိုကတော့ တော့တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်မရခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့သာ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ အာဂျင်တီးနားသားဟာ အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရပြီး ပွဲပြီးဖို့ မိနစ် ၂၀ အလိုမှသာ စတင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်သွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကစားသမားတွေနဲ့ စကားပြောသွားမှာပါ။ လောလောဆယ်မှာတော့ နောက်ဆုံးပွဲအတွက် အာရုံစိုက်ထားပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ လောလောဆယ်မှာမသိသေးပါဘူး”
“ကျွန်တော်တို့မှာ အစီအစဉ်တွေရှိပြီးသားပါ။ နောက်ရာသီချန်ပီယံလိဂ်မကစားရပေမယ့် အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားစာရင်းရှိနေပြီးသားပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ နောက်ဆုံးပွဲအတွက် အာရုံစိုက်ရပါမယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ချပြဖို့ အချိန်ရှိပါသေးတယ်” “ဗီလာနဲ့ပွဲမှာ အသင်းရဲ့ပရိသတ်တွေ အောင်ပွဲခံနိုင်ဖို့ ကြိုးစားသွားရပါမယ်။ ကျွန်တော်တို့ လိုချင်တဲ့ မန်ချက်စတာယူနိုက်တက်ပြန်ဖြစ်ဖို့တော့ အချိန်ယူရပါဦးမယ်။ အဲဒီအဆင့်ကိုရောက်ဖို့ ဘယ်ကစားသမားတွေခေါ်ရမယ် အချိန်ဘယ်လောက်ကြာမယ်ဆိုတာတော့ ကျွန်တော်မသိသေးပါဘူး။ ဒါပေမယ့် တိုးတက်လာမယ်ဆိုတာတော့ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း ပေါ်တူဂီသားနည်းပြက “လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။ ဒီလိုရှုံးခဲ့တာ အရမ်းနာကျင်ရပါတယ်။ ကျွန်တော်တို့က အခွင့်အရေးတွေပိုရခဲ့ပြီး ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပါတယ်။ ပွဲမစတင်ကတည်းက ဒီပွဲမှာရှုံးခဲ့ရင် အရာရာ ပိုခက်ခဲသွားမယ်ဆိုတာ ကျွန်တော်တို့ သိနေခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အာမိုရင်အနေနဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရဖို့သာ အာရုံစိုက်နေမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ခြေစမ်းပွဲစဉ်တွေအတွက် ခရီးစတင်ထွက်ခွာသွားမှာဖြစ်ပါတယ်။