The network connection is lost.

Banner Image

ဆုဖလားရယူဖို့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ကြိုးစားသွားမယ်လို့ ဆိုလာတဲ့ ဗန်ဒိုက်ခ်

 လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ခ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် တော့တင်ဟမ်နဲ့ပွဲစဉ်မှာ နောက်ဆုံးအကြိမ် ကြိုးစားအားထုတ်သွားရမယ်လို့ ပြောကြားလာခဲ့ပါတယ်။  ဗန်ဒိုက်ခ်က “ကျွန်တော်တို့ နောက်ဆုံးတစ်ခေါက် ကြိုးစားဖို့ပဲ ကျန်ပါတော့တယ်။ အသင်းရဲ့ ကစားသမားတိုင်းကနေ အဲဒီကြိုးစားအားထုတ်မှုကို လိုအပ်ပါတယ်။ ဒီရာသီတစ်လျှောက်လုံး တစ်ပွဲပြီးတစ်ပွဲ လာမယ့်ပွဲစဉ်တိုင်းမှာပဲ အာရုံစိုက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

 ဒီလိုစိတ်ဓာတ်က အသင်းအတွက် အရမ်းအရေးကြီးပြီး ကျွန်တော်တို့ရဲ့ အောင်မြင်မှုပန်းတိုင်နောက်ကို လိုက်နိုင်ခဲ့ပါတယ်။ ပြင်ပက ဝေဖန်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး အောင်မြင်မှုက ကျွန်တော်တို့ရဲ့အရှေ့မှာ ရောက်ရှိလာခဲ့ပါပြီ”

“ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရတာက ထူးခြားတဲ့အောင်မြင်မှုပါ။ အန်ဖီးလ်မှာ ကျွန်တော်တို့ဖြစ်မြောက်အောင် ဆောင်ရွက်သွားပါမယ်။ အထူးသဖြင့် အိမ်ကွင်းပရိသတ်တွေအရှေ့မှာ ဂုဏ်ယူရအောင်စွမ်းဆောင်သွားရပါမယ်။ ဒါက ကျွန်တော်တို့ရဲ့ အိပ်မက်ပါ။ တနင်္ဂနွေနေ့မှာ အိပ်မက်ကို အကောင်အထည်ဖော်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်အတွက် လက်မှတ်တန်ဖိုးတွေဟာ အတော်လေးမြင့်တက်လာတယ်လို့သိရပြီး သာမန်ဈေးနှုန်းထက် အဆမတန်များပြားကာ ပေါင် ၃၂၅၀ အထိရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါတန်ဖိုးဟာ သာမန်ဈေးနှုန်းထက် ၅၃ ဆအထိ များပြားခဲ့တာလည်းဖြစ်ပါတယ်။  လီဗာပူးပရိသတ်တွေဟာ အိမ်ကွင်းလက်မှတ်တွေသာမက အဝေးကွင်းအတွက်လက်မှတ်တွေပါ ဝယ်ယူထားတာဖြစ်ပြီး ဈေးနှုန်းမှာ ၄၄၇ ပေါင်နဲ့ ၁၂၉၀ ပေါင်အထိရှိနေတယ်လို့သိရပါတယ်။