
ဆော်ဒီသို့မပြောင်းရွှေ့ဘဲ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုသွားမယ့် ဗင်နီစီးယက်စ်
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာဟာ ဆော်ဒီပရိုလိဂ်ရဲ့ကမ်းလှမ်းမှုတွေရှိနေပေမယ့် ငြင်းဆန်သွားမှာဖြစ်ပြီး အသင်းနဲ့ပဲ စာချုပ်သစ်ထပ်မံချုပ်ဆိုသွားမယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်က ဗင်နီစီးယက်စ်ကိုခေါ်ယူဖို့ ယူရို ၁ ဘီလီယံနဲ့ ကမ်းလှမ်းမှုပြုသွားမယ်လို့ သတင်းတွေက ဖော်ပြထားကြပေမယ့် ဘရာဇီးသားဟာ စပိန်မြေမှာပဲ ဆက်လက်နေထိုင်လိုနေတာဖြစ်ပြီး ယခုနှစ်ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုကြောင်း ကြေညာလာဖွယ်ရှိပါတယ်။
ဘရာဇီးကလပ် ဖလာမင်ဂိုမှာ ကစားသမားဘဝစတင်ခဲ့တဲ့ ဗင်နီစီးယက်စ်ဟာ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ဆော်ဒီပရိုလိဂ်ရဲ့ ကမ်းလှမ်းမှုတွေကို ကာကွယ်ဖို့ စာချုပ်သစ်ချုပ်ဆိုသွားမယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ ကစားသမားဟာ အာရှအရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့လိုခြင်းမရှိဘဲ ရီးရဲလ်မက်ဒရစ်မှာပဲ ဂန္ထဝင်ကစားသမားတစ်ယောက်ဖြစ်လာဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ယခုနှစ်ရာသီမှာ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ စောစောစီးစီးထွက်ခွာခဲ့ရသလို၊ လာလီဂါအမှတ်ပေးဖလားပြိုင်ပွဲမှာလည်း ဘာစီလိုနာကိုလိုက်မီဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီက ဘောလွန်းဒီအော်ဆုကို လက်မတင်လေးလွဲချော်ခဲ့တဲ့ ဗင်နီစီးယက်စ်တစ်ယောက် ဒီရာသီမှာတော့ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာလိုနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီရာသီမှာ ဗင်နီစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ဂိုး ၂၀ သွင်းယူပြီး ဂိုဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ပေးထားပါတယ်။ လာမယ့် ကြာသပတေးနေ့နံနက်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးနဲ့ကစားသွားရမှာဖြစ်ပြီး ဗင်နီစီးယက်စ်တစ်ယောက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ဆက်လက်ပြုလုပ်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။