အန်တိုနီကို အငှားနဲ့ ထွက်ခွာခွင့်ပြုသွားမယ့် ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တောင်ပံကစားသမား အန်တိုနီကို နွေရာသီမှာ အငှားစာချုပ်နဲ့ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပြီး ခေါ်ယူမယ့်အသင်းအနေနဲ့ ကစားသမားနဲ့သက်ဆိုင်တဲ့ သဘောတူညီချက်တစ်ရပ်ကို လိုက်နာသွားရမယ်လို့သိရပါတယ်။
ဘရာဇီးတောင်ပံကစားသမားဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ အေဂျက်စ်မှ ယူနိုက်တက်သို့ ပေါင် ၈၅.၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ အန်တိုနီအတွက် တန်ကြေးကြီးကြီးမားမားပေးဆပ်ခဲ့ရတာဖြစ်ပေမယ့် ကစားသမားဟာ အသင်းမှာ ခြေစွမ်းကောင်းပြသနိုင်ဖို့အတော်လေး ရုန်းကန်နေရတာဖြစ်ပါတယ်။
ယခုအခါမှာတော့ သတင်းတွေအရ ကစားသမားကို ခေါ်ယူမယ့်အသင်းအနေနဲ့ ယူနိုက်တက်ရဲ့ သဘောတူညီချက်တစ်ရပ်ကို လိုက်နာမှသာ ခေါ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ အန်တိုနီဟာ လက်ရှိအချိန်မှာတော့ ယူနိုက်တက်အတွက် ၈၂ ပွဲကစား၊ ၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။
ဘရာဇီးသားဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာသာမက ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် ၂ ပွဲမှာပါ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ အရန်ခုံထိုင်ခဲ့ရတာဖြစ်ပါတယ်။ သတင်းတွေအရ အန်တိုနီကိုကို ခေါ်ယူမယ့်အသင်းအနေနဲ့ ကစားသမားအတွက်လစာကိုပါ ကာမိစေဖို့ ပြင်ဆင်ထားရမယ်လို့ သိရပါတယ်။
အန်တိုနီဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၇ သောင်းရရှိနေတယ်လို့ ESPN ကအခိုင်အမာဆိုပေမယ့် အခြားသတင်းရင်းမြစ်တွေအရ ကစားသမားဟာ ပေါင် ၂ သိန်းအထိ ရရှိနေတယ်လို့ ဆိုပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၁၅ ပွဲကစားပြီး ၂ ဂိုးသွင်းယူထားတဲ့ အန်တိုနီဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၃ မတ်လကတည်းက အခုချိန်အထိ အသင်းမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ ယခု အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ယူနိုက်တက်ရဲ့ ကစားသမား အချို့ဟာဟာ အသင်းသစ်တွေနဲ့ကိုယ်စီချိတ်ဆက်သွားကြပြီဖြစ်ပါတယ်။
ဒွန်နီဗန်ဒီဗိခ်က ဂျီရိုနာသို့ပြောင်းရွှေ့သွားပြီး၊ မေဆင်ဂရင်းဝုဒ်က မာဆေးလ်သို့ ရောက်ရှိသွားတဲ့အပြင် လူငယ်နောက်ခံလူ ကမ်ဘွာလာကလည်း ဗီလာရီးရဲလ်သို့ဦးတည်နေတာဖြစ်ပါတယ်။ ကစားသမားအဝင်အနေနဲ့လည်း ယူနိုက်တက်ဟာ ဘိုလော့ဂ်နာတိုက်စစ်မှူး ဂျိုရှူးဝါးဇာကီနဲ့ လိုင်လီနောက်ခံကြယ်ပွင့် လန်နီယိုရိုတို့ကို ခေါ်ယူထားနိုင်ပြီးဖြစ်ပါတယ်။